နေပြည်တော် နိုဝင်ဘာ ၇
မြန်မာနိုင်ငံမှ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ Authorized Economic Operator – AEO အဖြစ် အသိအမှတ်ပြုကုမ္ပဏီများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ UPG Paint & Coating Co., Ltd. နှင့် ရန်ကုန်တိုင်းဒေသကြီး သီလဝါဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ Wilmar Myanmar Riceland Limited တို့ကို မြန်မာ့အကောက်ခွန်နှင့် အာဆီယံနိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့မှ အကောက်ခွန် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့တို့က မြေပြင်ကွင်းဆင်းပူးပေါင်းအကဲဖြတ်အတည်ပြုခြင်း (Joint Validation)ကို နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းပူးပေါင်းအကဲဖြတ် အတည်ပြုခြင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူအဖြစ် အသိအမှတ်ပြုထားသည့် လုပ်ငန်းစဉ်များသည် WCO Guideline များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်း ရှိ မရှိ၊ AEO အသိအမှတ်ပြု ကုမ္ပဏီများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာခြင်းရှိ မရှိနှင့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွင်းဆက်လုံခြုံရေးအစီအမံများကို ကျင့်သုံးဆောင်ရွက်ထားခြင်း ရှိ မရှိ စသည့် အစီအမံများကို စိစစ်အကဲဖြတ်ခြင်းဖြစ်သည်။
မြန်မာအကောက်ခွန်အနေဖြင့် မြေပြင်ကွင်းဆင်း ပူးပေါင်းအကဲဖြတ် အတည်ပြုခြင်း (Joint Valida-tion)ကို အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သဖြင့် အာဆီယံနိုင်ငံများအတွင်း အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြုခြင်းအစီအစဉ် (AAMRA) ကို လာမည့်ဒီဇင်ဘာလတွင် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
