Skip to main content

၂၀၂၅ ခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ အပ်နှင်း

နေပြည်တော် နိုဝင်ဘာ ၇

၂၀၂၅ ခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားမောင်မယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် ကျင်းပမည့် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် အခြေခံပညာဦးစီးဌာနက ဦးဆောင်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို မြို့နယ် အဆင့်၊ ခရိုင်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကျောင်းသား အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး အဆိုပါပြိုင်ပွဲများမှတစ်ဆင့် ကျောင်းသားကျောင်းသူများကို စနစ်တကျ ရွေးချယ်ကာ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (၂) တွင် အားကစားနည်းအလိုက် ကျွမ်းကျင်သော ကာယပညာဆရာများနှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ နည်းပြများဖြင့် စနစ်တကျ လေ့ကျင့်ပေးသည်ကို တွေ့ရှိရသည့်အတွက် ဆုတံဆိပ်များရရှိမည်ဟု ယုံကြည်ပါကြောင်း။

အားကစားနည်းအလိုက် ယှဉ်ပြိုင်ကြရာတွင် အောင်မြင်မှုများရရှိရုံသာမက နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှုများကို ဖော်ထုတ်ပြသနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ် ကြိုးစားယှဉ်ပြိုင်ကြရန် အထူး မှာကြားလိုပါကြောင်း ပြောကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့ထံသို့ အောင်နိုင်ရေးအလံပေးအပ်ပြီး ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၅၀ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မြန်မာကျောင်းသားအားကစားအဖွဲ့အား ပံ့ပိုးကူညီပေးသည့် ROYAL-D နှင့် WINNER SPORT တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူးက ပြိုင်ပွဲဝင် ဖိနပ်များနှင့် လိုအပ်သော ပစ္စည်းများကိုပေးအပ်ရာ ဒုတိယဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်၍ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၂၀ ပေးအပ်ရာ မြန်မာကျောင်းသားအားကစားအဖွဲ့ တာဝန်ခံက လက်ခံရယူသည်။

ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကြီးတွင် အားကစားနည်း ရှစ်မျိုး ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကြက်တောင် (အမျိုးသား/ အမျိုးသမီး)၊ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘတ်စကက်ဘော (အမျိုးသား) အားကစားနည်း လေးမျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ခွဲ) အလက (၁) သို့ ရောက်ရှိကာ ကွန်ပျူတာခန်း၊ စက်မှုနည်းပညာ တစ်ခန်း၊ စိုက်ပျိုးရေးလက်တွေ့ပြခန်း၊ Drawing ခန်းများရှိ လက်တွေ့ခန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်