ရန်ကုန် နိုဝင်ဘာ ၇
(၁၇) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး ပြည်ထောင်စုဝန်ကြီးက စီအယ်လ်အမ်ဗွီနိုင်ငံများ၏ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၈၃ ဒသမ ၄ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး အာဆီယံစုစုပေါင်းကုန်သွယ်မှု ၏ ၂၃ ဒသမ ၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် မှ ၂၀၂၄ ခုနှစ်အတွင်း စီအယ်လ်အမ်ဗွီနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးကိုရည်ရွယ်သည့် စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ်အရ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုများသည် စီးပွားရေးတိုးတက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုများအတွက် အထောက်အပံ့ဖြစ်စေကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် စီးပွားရေးအလယ်အလတ်ရှိသောအဆင့်သို့ ရောက်ရှိစေရန် ရည်မှန်းရေးဆွဲထားသည့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်အကောင်အထည်ဖော်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိများအစည်းအဝေး၏ သဘာပတိ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ပြသည်။
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် (၂၀၂၃ - ၂၀၂၄) အကောင်အထည်ဖော်မှုတွင် ရရှိခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် (၂၀၂၅-၂၀၂၆) အကောင်အထည်ဖော်မှုကို ပိုမိုကောင်းမွန်အောင်ပူးပေါင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းများအကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေရရှိစေရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို စီအယ်လ်အမ်ဗွီအဆင့်မြင့်စီးပွားရေးအရာရှိများအား လမ်းညွှန်သည်။
စီအယ်လ်အမ်ဗွီနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချိတ်ဆက်မှု တိုးတက်ကောင်းမွန်စေရန် ဗီယက်နမ်နိုင်ငံက ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့နှင့် ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲများ၏အရေးပါမှုကို အလေးပေးပြောကြားပြီး ထိုကုန်စည်ပြပွဲများမှတစ်ဆင့် ဒေသတွင်းစီးပွားရေးမိတ်ဖက်ဆက်ဆံရေးများနှင့် စျေးကွက်အခွင့်အလမ်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင်က စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် အကောင်အထည်ဖော်ရေးလုပ်ငန်းအစီအစဉ်နှင့်စပ်လျဉ်း၍ လွယ်ကူထိရောက်မှုရှိသည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဓိကစိန်ခေါ်မှုဖြစ်သည့် ရန်ပုံငွေရရှိရေးနည်းလမ်းများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပံ့ပိုးမှုဖြင့် ရှာဖွေသွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့ပြင် စီအယ်လ်အမ်ဗွီနိုင်ငံများအား စီးပွားရေးအလယ်အလတ်ရှိသောအဆင့်သို့ ရောက်ရှိစေရန် ရည်မှန်းရေးဆွဲထားသည့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် အကောင်အထည်ဖော်ရေးလုပ်ငန်းအစီအစဉ်အတွက် ပေါင်းစပ်ညှိနှိုင်းရေးနည်းလမ်းများနှင့် လမ်းညွှန်ချက်များကို ဆွေးနွေး၍ အစည်းအဝေးတွင် အတည်ပြုကြသည်။
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက စီအယ်လ်အမ်ဗွီစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရေးကို ရည်မှန်း၍ အကောင်အထည်ဖော်လျက်ရှိသည့်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပံ့ပိုးပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးကြောင်း မှတ်တမ်းတင်ခဲ့သည်။
ထို့နောက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် (၁၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွား ရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့သည်။ စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဒေသခွဲနှင့် ဒေသတွင်းဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းရေးလုပ်ငန်းစဉ်များနှင့် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေး၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ်အတွက် အလှည့်ကျစီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘာပတိတာဝန်ကို ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်သည်။
မွန်းလွဲပိုင်းတွင် (၁၇) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အစီအစဉ်အနေဖြင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန် ရည်ရွယ်သည့် “ဗီယက်နမ် - မြန်မာ စီးပွားရေးချိတ်ဆက်မှုကွန်ဖရင့်” ကို Melia Hotel ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အဖွင့်အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲသို့ မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံဘက်မှ အစိုးရပုဂ္ဂလိက ကိုယ်စားလှယ်များ၊ အထူးသဖြင့် ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ တိရစ္ဆာန်အစာ၊ ကြက်သားပေါက်မွေးမြူ ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့မှ စီးပွား ရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ထို့နောက် ဗီယက်နမ်နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအလားအလာ၊ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
