နေပြည်တော် နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၈) နှင့် A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) မှ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား နယ်စပ်ဒေသများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ်ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၆၁၄ ဦး၊ သိပ္ပံဘွဲ့ ၁၀၆၄ ဦး၊ B.Tech ဘွဲ့ ၁၃၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၉၉၀ စုစုပေါင်း ၂၈၀၇ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ မဟာသုတေသနဘွဲ့ ၂၇ ဦး၊ Ph.D ဘွဲ့ ၃၂ ဦး၊ B.E ဘွဲ့ ၆၂၅ ဦး၊ M.E ဘွဲ့ ၃၄ ဦး၊ B.Tech ဘွဲ့ ၂၀၇ ဦး အောင်မြင်မှုရရှိခဲ့သည့်အပြင် ဘာသာရပ်အလိုက် ဆက်လက်ကြိုးပမ်းသင်ယူဆဲ ကျောင်းသား ကျောင်းသူများလည်းရှိနေကြောင်း သိရှိရသည့်အတွက် အားရဂုဏ်ယူဖွယ်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်းကျောင်းသား ကျောင်းသူများအနေဖြင့် အတုယူကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
သင်တန်းဆင်းမောင်မယ်တို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ တည်ငြိမ်အေးချမ်းရေးသည် များစွာအရေးကြီးပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တိုင်းရင်းသားပြည်သူများနှင့် အတူတကွပူးပေါင်း၍ ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိစွာဖြင့် သတ်မှတ်ကာလအတွင်း အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍအသီးသီးမှ တစ်တပ်တစ်အား အားကြိုးမာန်တက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း၊မောင်တို့မယ်တို့အနေဖြင့် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ကြသည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်း ကျင့်ဝတ်စည်းကမ်းတန်ဖိုးများကို သိရှိလိုက်နာပြီး လုပ်ငန်းစွမ်းဆောင်ရည်အပြည့်ဖြင့် မြင့်မားသောစိတ်ဓာတ်၊ မှန်ကန်သော ခံယူချက်၊ မြင့်မြတ်သော အကျင့်စာရိတ္တကောင်းများကို လက်ကိုင်ပြု၍ အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံတော်၏တာဝန်များကို ကြိုးစားထမ်းဆောင်သွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာထူးချွန်ဆု ရရှိသူနှစ်ဦးကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အင်ဂျင်နီယာထူးချွန်ဆုရရှိသူတစ်ဦးကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက အလုပ်တာဝန်ခန့်အပ်လွှာများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ လေ့ကျင့်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေ၊ မီးရရှိမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး ဒီဂရီကောလိပ်ရှိ ဆရာ ဆရာမ များ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒီဂရီကောလိပ်အတွင်းရှိ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း၊ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားနေမှုများ၊ သင်ကြားမှုအထောက်အကူပစ္စည်းဖြစ်သည့် Computer Numerical Control (CNC) Lathe Machine လုပ်ငန်းဆောင်ရွက်နိုင်မှု၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ငါးခူမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ ပွဲကြည့်စင်နှင့် ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
