Skip to main content

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနား တက်ရောက်

နေပြည်တော် နိုဝင်ဘာ

ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တက်ရောက်သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ဗဟိုအကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ မန်းငြိမ်းမောင်နှင့် ပိုးရယ်အောင်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ သဘာပတိအဖွဲ့ဝင်များက နေရာယူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်တို့က နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက နှစ် (၇၀) ပြည့် ကရင် ပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ငြိမ်းချမ်းရေးချိုးဖြူငှက် အကောင် ၇၀ ကို လွှတ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဘင်ခရာ၊ ပန်းဖွားနှင့် ဒုံးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စက်မှုလက်မှုထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနပြခန်း၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသည့်တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ရှိ ကန်သာယာရေပြင်၌ ကျင်းပသည့် ရိုးရာလှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရေပြင်အသက်ကယ်အဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများနှင့် ရိုးရာလှေလှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကာ သီရိသံလွင်ကွင်း၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ညပိုင်းတွင် ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက်ရှိသော ပြိုင်ပွဲဝင်ဒုံးအကအဖွဲ့များ၏ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ သုတေသန၊ လူမှုရေးနှင့် အမျိုးဘာသာ၊ သာသနာဆိုင်ရာ ထူးချွန်ဆုစသည့် စုစုပေါင်းဂုဏ်ထူးဆောင်ဆု ၈၆ ဆုကို ပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ စိုက်ပျိုးရေးဝင်း၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် Avenue Park ပန်းခြံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပန်းခြံကို ဖဲကြိုးဖြတ်၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက Avenue Park ပန်းခြံဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့ကို စက်ခလုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြကာ ပန်းခြံကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် အဆိုပါရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် လူငယ်စင်တာအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 ညပိုင်းတွင် ဘားအံမြို့ သီရိကွင်း၌ နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ ယှဉ်ပြိုင်လျက်ရှိသော ပြိုင်ပွဲဝင်ဒုံးအဖွဲ့များ၏ ရွှင်မြူးတက်ကြွဖွယ် ကရင်ဒုံးအကယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်