နေပြည်တော် နိုဝင်ဘာ ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ တိုးချဲ့ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားစေရေး လူမှုရေးနှင့်အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ Strategic Plan ထွက်ပေါ်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးက ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေကြေးကုန်ကျမှုနည်းပါးပြီး အကျိုးသက်ရောက်မှု ကြီးစွာရရှိသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ကလေးတိုင်းသည် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပြည့်မီအောင် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ လှုံ့ဆော်မှု(Drive)မှ ပြည်သူလူထုကိုယ်တိုင် လိုလားတောင်းဆိုမှု(Demand Creation)သို့ ပြောင်းလဲနိုင်ရေးအတွက် Socio–Behavioral Change Communication(SBCC)ကို အသုံးချရန် လိုအပ်လာပါကြောင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ၂၀၂၄ ခုနှစ်တွင် Interpersonal Communication (IPC) in Immunization Training များကို ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တို့တွင် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၎င်းသင်တန်းများမှ ရရှိခဲ့သော Communication ဆိုင်ရာ အသိ ပညာ၊ အတတ်ပညာများကို အခြေခံကျန်းမာရေး ဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခုရေးဆွဲသော မဟာဗျူဟာသည် အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ ပြည်သူလူထုနှင့် ဆက်သွယ်ပြောဆိုခြင်းစွမ်းရည် တိုးတက်လာပြီး ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန်နှင့် လိုအပ်သောနည်းပညာဆိုင်ရာပံ့ပိုးမှုများပေးနိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒေါက်တာခင်မောင်လွင် (ညွှန်ကြားရေးမှူး-ငြိမ်း)၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းနှင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေ သော Focal person များ၊ UNICEF အဖွဲ့မှ Social & Behaviour Change Manager Georgina Mtenga နှင့် UNICEF၊ WHO တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ တိုးချဲ့ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားစေရေး လူမှုရေးနှင့် အမူအကျင့်ပြောင်းလဲရေး ဆိုင်ရာ Strategic Plan ထွက်ပေါ်ရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်အထိ သုံးရက်တာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
