မကွေး နိုဝင်ဘာ ၅
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်)ခြောက်လသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာနမှ သင်တန်းဆရာများနှင့်ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ခြောက်လသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗဟိုအဆင့်နှင့်ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်နေသည့် ဆေးဘက်ကျွမ်းကျင်-၃(ဓာတ်မှန်) ရာထူးနေရာများ တိုးမြှင့်ခန့်ထားနိုင်ရန် တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူ့ဆေးရုံကြီး ၁၃ ရုံတွင် သင်တန်းသား စုစုပေါင်း ၃၀၀ ကို တစ်ပြိုင်တည်းသင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်သူ့ဆေးရုံများတွင်လည်းကောင်း၊ သင်တန်းဆင်းပြီးမကြာမီ ရာထူးတိုးမြှင့်ခန့်ထားပေးမည့် ပြည်သူ့ဆေးရုံကြီးများတွင်လည်းကောင်း လူနာများအကျိုးရှေးရှုပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်နှင့် ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက သင်တန်းဆင်းများကိုယ်စားသင်တန်းသားသင်တန်းသူတစ်ဦးစီကို သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းဆင်းများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါသင်တန်းကို အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၇ ဦးစုစုပေါင်း ၂၉ ဦးဖြင့် မေ ၅ ရက်မှစတင်၍ ခြောက်လကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)
