Skip to main content

နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး၊ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညို

ရန်ကုန်    နိုဝင်ဘာ   

မြန်မာနိုင်ငံ၌ရောက်ရှိနေသည့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey   Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန် မြို့သို့ ရောက်ရှိကြသည်။

ထို့နောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ဆက်လက်၍    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးမင်္ဂလာခန်းမ၌  မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးနှင့်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး စီးပွားရေးဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် ဧည့်သည်တော်နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှတာဝန်ရှိသူများ၊ တိုင်းရင်းသားတိုင်းရင်းသူများက မြန်မာ - ရှရှား နှစ်နိုင်ငံအလံငယ်များကိုဝှေ့ယမ်း၍  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ပို့ဆောင်နှုတ်ဆက်ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှမထွက်ခွာမီ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးအား မြန်မာနိုင်ငံခရီးစဉ်မှတ်တမ်းဓာတ်ပုံအယ်လ်ဘမ်ကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)