Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးနှင့် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူးတို့အား လက်ခံတွေ့ဆုံ

နေပြည်တော်    နိုဝင်ဘာ    

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Samir Sudhir Wanmali နှင့် ဘန်ကောက်မြို့အခြေစိုက်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services- UNOPS)၏  အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့အား ယနေ့နံနက်ပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံစဉ်  မြန်မာနိုင်ငံ၌ လက်ရှိ WFP က   အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့များအကျိုးရှိထိရောက်စေရေး၊ ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်အကောင်အထည်ဖော်ခွင့်ရရှိရေး၊ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာအစီအစဉ်အသစ်(၂၀၂၇-၂၀၂၉) ပြင်ဆင်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆက်လက်၍   UNOPS မှ  အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်တွေ့ဆုံ ရာတွင်     မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)တို့အကြား လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့်အစီအစဉ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မန္တလေးငလျင်ကြောင့်ထိခိုက်ခဲ့မှုများကိုပြန်လည်ထူထောင်ရေးတွင် ပူးပေါင်းဆောင်ရွက်စေလိုသည့် လုပ်ငန်းများကိုလည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါ  တွေ့ဆုံပွဲများသို့   ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  ညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ WFP ရုံးနှင့် UNOPS ရုံးတို့မှ  ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်