နေပြည်တော် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်မှစ၍ ပြိုင်ပွဲအဖြစ် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး မီးပုံးပျံပွဲတော်တွင် နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ ပြိုင်ပွဲများကျင်းပလေ့ရှိသည်။
အဆိုပါ ပြိုင်ပွဲကြီးတွင် နေ့ပိုင်းအလှလွှတ်မီးပုံးပျံများသည် အများအားဖြင့်တိရစ္ဆာန်ရုပ်ပုံများဖြစ်ပြီး နေ့လွှတ်အရုပ်ပြိုင်ပွဲ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်း အရုပ်အုပ်စုများအပြင် ညလွှတ်မီးပုံးပျံများသည် ညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ညမီးကြီးတွင် မီးပုံးပျံအောက်ဆွဲ၌ ယမ်းခွေများပါဝင်ပြီး မီးပုံးပျံ ပျံတက်သည့်ကာလအတွင်း မီးရှူးမီးပန်းများပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြကြောင်းနှင့် စိန်နားပန်သည် မီးပုံးပျံအပြင်ကိုယ်ထည်ပေါ်နှင့်အောက်ဆွဲ၌ မီးပုံးအရောင်အမျိုးမျိုးနှင့် ရုပ်ပုံများ၊ စာလုံးများကို ပုံဖော်ကာ လွှတ်တင်ကြသည့် မီးပုံးအမျိုးအစားဖြစ်ကြောင်းသိရှိရပြီး အဆိုပါပွဲတော်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ မိဘပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိသည်။
ယခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှစတင်၍ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများနှင့် တောင်ကြီးမြို့အနီးဝန်းကျင်မြို့၊ရွာများမှ ပြိုင်ပွဲဝင်အသင်းများက အတီးအမှုတ်၊ အကအခုန်များနှင့် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်လွှတ်တင်လျက်ရှိကြရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိပြီး နေ့စဉ် ပရိသတ် ၂၅၀၀၀၀ ခန့် လာရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် ညမီးကြီး ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး၊ စိန်နားပန် ၁၈ ပေ ၃၇ လုံး၊ စုစုပေါင်း အလုံး ၈၀၊ နေ့လွှတ်အရုပ် မီးပုံးပျံအရုပ်ခြေနှစ်ချောင်း ၁၉၃ လုံး၊ အရုပ်ခြေလေးချောင်း ၉၃ လုံး၊ အရုပ်အုပ်စု ၇၅ လုံး၊ စုစုပေါင်း ၃၆၁ လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ညလွှတ်မီးပုံးပျံကို ည ၆ နာရီခွဲမှ ပွဲစဉ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်ကာ နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေ့ရက်အလိုက် လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ခေတ်ပေါ်တေးဂီတတီးဝိုင်းများ၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြို့လုံးကျွတ်ဘုံကထိန်ပဒေသာပင်လှည့်လည်ခြင်း၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်း၊ မီးပဒေသာလှည့်လည်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သော်လည်း လက်ရှိမိုးလေဝသရာသီဥတုအခြေအနေများကြောင့် ပွဲတော်ရက်အား ၃ ရက်တိုးကာ နိုဝင်ဘာ ၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
