Skip to main content

ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် နိုဝင်ဘာ ၄

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးယန်ကျင်ကန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား လုပ်သားပြည်သူတစ်ရပ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။

ကျွန်တော်ကတော့ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ကိုးကန့်တိုင်းရင်းသားထုတစ်ရပ်လုံးနဲ့ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးသို့ ဖတ်ကြားတင်ပြသွားမယ့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီဥက္ကဋ္ဌ ယန်ကျင်ကန် ဖြစ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-

ကျွန်တော်တို့ရဲ့ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီကို ၁၉၈၉ ခုနှစ် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုခဲ့စဉ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီးများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စတင်ဖွဲ့စည်းပေါ်ပေါက် တည်ထောင်လာခဲ့ရတာ ဖြစ်ပါတယ်။

ထိုမှတစ်ဆင့် နိုင်ငံရေးလိုအပ်ချက်အရ ပါတီကို ဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်းများနဲ့အညီ အကြိမ်ကြိမ်ပြန်လည်မှတ်ပုံတင်ပြီး နိုင်ငံရေးခရီးကို လျှောက်လှမ်းလာခဲ့တာဖြစ်တဲ့အတွက် နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံများကိုလည်း အတော်အတန်ရရှိခဲ့ပြီးဖြစ်တဲ့ တိုင်းရင်းသားပါတီတစ်ရပ် ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ လားရှိုး၊ သိန္နီ၊ ကွမ်းလုံမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ အနိုင်ရရှိခဲ့လို့ လွှတ်တော်နိုင်ငံရေးအတွေ့အကြုံများကိုလည်း အထိုက်အလျောက်ရရှိနေပြီးတဲ့ပါတီ ဖြစ်ပါတယ်။

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်၊ ရပ်တည်ချက်၊ မျှော်မှန်းချက်များကို တင်ပြရမည်ဆိုလျှင် -

ကိုးကန့်တိုင်းရင်းသားများဟာ နယ်စပ်ဒေသတောင်ပေါ်နေ တိုင်းရင်းသားများဖြစ်ကြပြီး ယခုအခါ မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့ရောက်ရှိ နေထိုင်ကြသော်လည်း အများစုမှာ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများမှာ နောက်ကျနိမ့်ပါးနေဆဲဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားများ ဖြစ်ကြပါသော်လည်း မိမိတို့ထမ်းရွက်ရမည့် နိုင်ငံ့တာဝန်နှင့် မိမိတို့ရရှိသင့်တဲ့ တိုင်းရင်းသားအခွင့် အရေးများကို မှန်ကန်စွာ သိမြင်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါတယ်။

တခြားညီနောင်တိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်သွားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများမှာ အသိအမြင်မှန်ကန်ရေး၊ ရရှိသင့်သည့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဆောင်ရွက်စရာ လိုအပ်ချက်များစွာ ရှိနေသေးတဲ့ ကိုးကန့်တိုင်းရင်းသားများအတွက် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ပေါ်ပေါက်ရပ်တည်လာခဲ့ရတာဖြစ်ပါ တယ်။

ကိုးကန့်တိုင်းရင်းသားများဟာ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား တစ်ရပ်လုံးနဲ့ အတူယှဉ်တွဲနေထိုင်ကြတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအစရှိတဲ့ လူမှုဘဝများကို မြှင့်တင်နိုင်မှသာလျှင် နိုင်ငံတော်ကို စီမံအုပ်ချုပ်နေတဲ့ နိုင်ငံတော်အစိုးရက မျှော်မှန်းဖော်ဆောင်နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို ချီတက်လျှောက်လှမ်းရာမှာ ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်မနေစေဘဲ အခြားညီနောင်တိုင်းရင်းသားပြည်သူများနဲ့အတူ လက်ရည်တစ်ပြင်တည်း အတူယှဉ်တွဲရပ်တည်လျှောက်လှမ်းပြီး နိုင်ငံအတွက် တန်ဖိုးရှိတဲ့ နိုင်ငံသားအဖြစ် ရပ်တည်သွားနိုင်မှာဖြစ်ပါ တယ်။

အထူးသဖြင့် ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ တည့်မတ်မှန်ကန်သည့် ပြည်ထောင်စုဖွားတိုင်းရင်းသားအမြင်နဲ့ အတွေးအခေါ်အယူအဆများ ရှိကြရမှာဖြစ်ပါတယ်။

ထို့အတူ အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ ဝိသေသဖြစ်တဲ့ နိုင်ငံတော် မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် သာယာဝပြောပြီး လူမှုဘဝဖူလုံတဲ့ လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့အတူ ထမ်းရွက်နိုင်ဖို့ ပါတီရဲ့ မူဝါဒလမ်းစဉ်၊ သဘောထားများကို လက်ခံယုံကြည်တဲ့ ကိုးကန့်တိုင်းရင်းသားထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ထမ်းရွက်နိုင်ဖို့ ရပ်တည်နေပါကြောင်း အလေးအနက်ခံယူထားပါတယ်။

ထို့အတူ နိုင်ငံရေးကိုလည်း အဂတိတရားကင်းစွာ ရပ်တည်လျှောက်လှမ်း နိုင်ရေး အခြေခံအကြောင်းတရားများအပေါ် ခိုင်မာစွာ ရပ်တည်လျှောက်လှမ်း သွားရေးများသည်လည်း ပါတီရဲ့ မျှော်မှန်းချက်များဖြစ်ပါတယ်။

အထက်တင်ပြချက်များသည် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များနှင့် မျှော်မှန်းချက်များဖြစ်ကြောင်း ရိုးသားစွာတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ပြည်ထောင်စုဖွား ကိုးကန့်တိုင်းရင်းသားများအားလုံးနဲ့ တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှလုံးငြိမ်းအေးကြပါစေ။