ရန်ကုန် နိုဝင်ဘာ ၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်း၌ ရန်ကုန်မြို့ရှိဒဂုံမြို့သစ်မြောက်ပိုင်း မသန်စွမ်းအားကစား အဖွဲ့ချုပ်၌ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မသန်စွမ်းအားကစားအဖွဲ့အား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မသန်စွမ်းအားကစား သမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ယခင်နှစ်ရရှိခဲ့သည့် ဆုတံဆိပ်များထက်သာလွန်အောင် ပိုမိုကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ အောင်မြင်မှုများရရှိအောင် ယခုကတည်းက မိမိတို့၏ အားနည်းချက်အားသာချက်များနှင့် ပြိုင်ဘက် အားကစားသမားများ၏ အခြေအနေကို လေ့လာသုံးသပ်၍ မသန်ပေမယ့် စွမ်းဆောင်နိုင်သူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ယူဆောင်သွားမည့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာအဖွဲ့ချုပ်ရှိ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ မသန်စွမ်းဘော်လီ ဘော၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ သေနတ်ပစ်၊ ဘိုစီယာ၊ မျက်မမြင်စစ်တုရင်၊ ဂိုးလ်ဘော (မျက် မမြင်)၊ ဘိုးလင်း၊ တိုက်ကွမ်ဒိုအားကစားနည်းများအလိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ အားကစားနည်းများအလိုက် ယခင်ပြိုင်ပွဲများ၏ ရွှေစံချိန်/ စံနှုန်းများထက် ပိုမိုသာလွန်ကောင်းမွန်နေ မှုအခြေအနေများ၊ ကျန်းမာရေးစစ်ဆေးမှုများ၊ စားသောက်နေထိုင်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲဝင်ဝတ်စုံ/ အထောက်အကူပြုပစ္စည်း ထောက်ပံ့မှုများနှင့် ပြိုင်ပွဲအတွက် လိုအပ်ချက်များကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
