Skip to main content

၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်မှုသီတင်းပတ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နန့်နင်း နိုဝင်ဘာ ၃

China Media Group(CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာပူးပေါင်းဆောင်ရွက်မှုသီတင်းပတ် (2025 ASEAN Partners Media Cooperation Week) ဖွင့်ပွဲကို ယ​​​နေ့တွင် တရုတ်နိုင်ငံ နန့်နင်းမြို့ ဝူရှန်းဧည့်ဂေဟာ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အဖွဲ့တက်ရောက်ကြသည်။

ဦးစွာ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဆိုင်ရာတာဝန်ရှိသူနှင့် China Media Group ဒုတိယဥက္ကဋ္ဌ မစ္စတာဖန့်ယွင်က တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ မီဒီယာကိုယ်စားလှယ်အဖွဲ့အကြီးအကဲများအား တွေ့ဆုံနှုတ်ဆက်ပြီး အမှာစကားပြောကြားသည်။

အမှာစကားပြောကြား

ထို့နောက် CPC Gunagxi Committee ပြည်သူ့ရေးရာဌာနဝန်ကြီး H.E Chen Yijun၊ ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ H.E KemGuanwadh၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ထိုင်းနိုင်ငံ Media Development Foundation မှ CEO Dhanakron Srisooksai တို့က အမှာစကားပြောကြားကြသည်။

ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် ယခုပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲသီတင်းပတ်၏ ဦးတည်ချက်မှာ "Openness,Culture, Shared Home" ဖြစ်၍ အဓိပ္ပာယ်များစွာရှိကြောင်း၊ မိမိတို့အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား ပွင့်လင်းမြင်သာမှု၊ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ခြင်း၊ မီဒီယာကဏ္ဍအပြန်အလှန်မြှင့်တင်ခြင်းများဖြင့် အချင်းချင်းပေါင်းသင်းဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ကြရန်လိုအပ်ကြောင်း၊ မိမိတို့အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသ၏စွမ်းအားကို မြှင့်တင်စေမည်ဖြစ်ကြောင်း၊ အချင်းချင်းမိသားစုသဖွယ် တစ်မိုးတည်းအောက်၊ အိမ်တစ်အိမ်တည်းတွင် စိတ်တူညီမျှညီညွတ်စွာ ပူးပေါင်းနေထိုင်ကြမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်ဆံမှုကောင်းများဖြင့် နယ်နိမိတ်များကို ကျော်လွှားပြီး တစုတစည်းတည်းဖြစ်သည့် အသိုက်အဝန်းကို တည်ထောင်နိုင်ရေးမိမိတို့ မီဒီယာကဏ္ဍမှ နိုင်ငံအသီးသီးကပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်သွားကြပါရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာပူးပေါင်းဆောင်ရွက်မှုသီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ကြပြီး မှတ်တမ်းတင် Video Clip ကိုပြသခဲ့ကာ အာဆီယံမီဒီယာလုပ်ဖော်ကိုင်ဖက်များက "China Up Close" ပူးတွဲမီဒီယာခရီးစဉ်စတင်ခြင်း၊ ဉာဏ်ရည်တုဖြင့်အဆင့်မြှင့်တင်ထားသော နန့်နင်းမြို့၏ ပုံရိပ်မြှင့်တင်ရေးစီမံကိန်းစတင်ခြင်း၊ Micro-Dremas မှတစ်ဆင့် ကွမ်ရှီးနှင့်ထိုင်းနိုင်ငံသို့ ခရီးသွားခြင်းယဉ်ကျေးမှုခရီးသွားလုပ်ငန်း စတင်ခြင်းနှင့် တရုတ်မီဒီယာအဖွဲ့အစည်း၏ မူပိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း အခမ်းအနားတို့ကို ကျင်းပသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ တက်ရောက်လာသော ပြန်ကြားရေးဆိုင်ရာအကြီးအကဲများသည် တရုတ်နိုင်ငံမီဒီယာအဖွဲ့ CMG မှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံ၍ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မီဒီယာကဏ္ဍတိုးမြှင့်ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ အဖွဲ့များသည် နန့်နင်းမြို့ Guangxi Anthropology Museum သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။           

သတင်းစဉ်