Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်ဆုချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၁

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ကျင်းပသည်။

ဗိုလ်လုပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်‌‌ ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ ပညာရေးဒီဂရီကောလိပ်ကျောင်း အုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ ဦးစီးဌာနအလိုက်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲအဖြစ် ရန်ကုန်ဇုန်(က)အသင်းနှင့် မန္တလေးဇုန်(က)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာ ပွဲပြီးချိန်အထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေသဖြင့် ပယ်နယ်တီကန်သွင်းကြရာ မန္တလေးဇုန်(က)အသင်းက ရန်ကုန်ဇုန်(က)အသင်းကို ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲသွားသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကိုကျင်းပရာ Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင် က Royal-D မိသားစုကိုလည်း ကောင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာကျော်ဆန်းဝင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဒိုင်များကို ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက နေရာအလိုက်အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အထူးဆုရရှိသော ရန်ကုန်ဇုန်(ခ)အသင်းကို ပညာရေးဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်က ငွေသားဆု ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသော မန္တလေး ဇုန်(ခ)အသင်းကို ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ရန်ကုန်ဇုန်(က) အသင်းကို ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ ပထမဆုရရှိသော မန္တလေးဇုန်(က)အသင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆု ငွေကျပ်သိန်း ၅၀နှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပြီး ပညာရေးဒီဂရီကောလိပ် ခုနစ်ကျောင်းမှ နေရပ်မပြန်နိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် စားသောက်စရိတ် ထောက်ပံ့ချီးမြှင့်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူသည်။

ယနေ့နံနက်ပိုင်းတွင် တတိယနေရာလုပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)၌ ရန်ကုန်ဇုန်(ခ)အသင်းနှင့် မန္တလေးဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီးချိန်ထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေသဖြင့် ပယ်နတီ အဆုံးအဖြတ်ကန်သွင်းရာ မန္တလေးဇုန်(ခ)အသင်းက ရန်ကုန်ဇုန်(ခ)အသင်းကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

သတင်းစဉ်