နေပြည်တော် အောက်တိုဘာ ၃၁
(၅၅)ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ သာသနာ့ဗိမာန်အဝင်လမ်းထိပ်၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဗုဒ္ဓသာသနာပြုဗိမာန်ဂေါပကအဖွဲ့၊ ကထိန်ကျင်းပရေးဦးစီးကော်မတီနှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ Bright Golden Future ကိုယ်ပိုင်ကျောင်းနှင့် ရိုးမရတနာကိုယ်ပိုင်ကျောင်းတို့မှ ကျောင်းသား ကျောင်းသူလေးများက ဘင်ခရာနှင့်ပန်းဖွားအကတို့ဖြင့် ဦးစွာဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နှင့် မြို့မိမြို့ဖများက (၅၅)ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော် မုခ်ဦး ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့အောင်ဆန်းခန်းမအတွင်းနှင့် သာသနာ့ဗိမာန်တော်ဝင်းအတွင်း ခင်းကျင်းပြင်ဆင်လျက်ရှိသည့် တပ်ကုန်းမြို့နယ်ရှိဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များ၊ သီးခြားအလှူရှင်များအလိုက် ပို့ဆောင်လှူဒါန်းကြသည့် ပဒေသာပင်များ ပြင်ဆင်ခင်းကျင်းနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကိုဌာနဆိုင်ရာများ၊ တပ်နယ်မိသားစုများ၊ စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် သီးခြားအလှူရှင်များအလိုက် လှူဒါန်းကြသည့် ပဒေသာပင်များကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ မြို့တွင်းသို့ လှည့်လည်၍ သာသနာ့ဗိမာန်ဝင်းသို့ပို့ဆောင်ကြမည်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်တွင် အောင်ဆန်းခန်းမ၌ လှူဒါန်းမှုအခမ်းအနားပြုလုပ်ကာ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၄၉ ကျောင်းသို့ ခွဲဝေပေးပို့လှူဒါန်းကြမည်ဖြစ်ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီမှစ၍ မဟာဘုံကထိန်ပွဲတော်အောင်မြင်မှုအထိမ်းအမှတ်အဖြစ် တပ်ကုန်းမြို့နယ်အားကစားကွင်း၌ မီးပုံးပျံအကြီးငါးလုံးနှင့် မီးပုံးပျံအသေးအလုံး ၅၀၀ တို့ကို လွှတ်တင်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တင်ပူဇော်မည်
ထို့ပြင် ဘုံကထိန်ပွဲတော်အား ဂုဏ်ပြုသောအားဖြင့် လှည်းယဉ်ကြော့ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ မြို့နယ်အားကစားကွင်းတွင် နေ့စဉ်ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲတွင်လှည်းယာဉ် ၂၈ စီး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုငွေများအဖြစ် ပထမဆု ငွေကျပ် သိန်း ၅၀၊ ဒုတိယဆုငွေကျပ်သိန်း ၄၀၊ တတိယဆု ငွေကျပ်သိန်း ၃၀၊ အထူးဆုများကို ၁၀ သိန်းစီနှင့် ကျန်ပြိုင်ပွဲဝင်များအား ငါးသိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကာ ဆုချီးမြှင့်ပွဲအခမ်းအနားပြီးနောက် မီးပုံးပျံအကြီးတစ်လုံးနှင့်မီးပုံးပျံအသေးအလုံး ၁၀၀ တို့ကို အောင်မြင်မှုအထိမ်းအမှတ်အဖြစ် လွှတ်တင်ပူဇော်ကြမည် ဖြစ်သည်။
တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများအဖြစ် နိုဝင်ဘာ ၂ ရက် တွင် တပ်ကုန်းမြို့ ဂီတအစည်းအရုံးအစီအစဉ်ဖြင့် အဆို၊ အတီး၊ အကဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် ထူးအယ်လင်း၊ ချယ်ရီသင်း၊ ဖြူဖြူထွေး၊ မာရီကိုးလ်၊ ရှမ်းလေး၊ ဒွန်း၊ အေးမြဖြူ၊ ရသ၊ ပိုးမီ၊ ယွန်းမြတ်သူ၊ ဟန်စစ်အိမ်နှင့် ဖြိုးကျော်ထိုက်တို့ကလည်းကောင်း မော်တော်ယာဉ်များဖြင့် မြို့တွင်း၌ လှည့်လည်သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။
စေတနာထားဆောင်ရွက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရိုက်ကူးရေး Studio တွင် စီစဉ်ဆောင်ရွက်လျက်ရှိ သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုရိုက်ကူးရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ပေးထားသော ရိုက်ကူးရေးလုပ်ငန်းစဉ်အတိုင်း စနစ်တကျဖြစ်စေရန်နှင့် စေတနာထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားသည်။
ဆက်လက်၍ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ ပင်မရုံးအဆောက်အအုံအတွင်း မျက်နှာကြက်များပြိုကျပျက်စီးမှုနှင့် နံရံများ အက်ကွဲပျက်စီးမှုတို့ကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးရန်မှာကြားသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ဝန်ထမ်းစားရိပ်သာတွင် ဝန်ထမ်းများနေ့လယ်စာ စားသောက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
