ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပါဝင်သည့် မြို့နယ် ၁၀၀ တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။ ရွေးကောက်ပွဲအပိုင်း(၁) နှင့် အပိုင်း(၂) အကြား အချိန်ကာလအားဖြင့် ကွာခြားချက် ရက်သတ္တနှစ်ပတ်သာလျှင်ဖြစ်ရာ လာမည့်နှစ်ဆန်း ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ မြို့နယ်ပေါင်း ၂၀၂ မြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးနေမည် ဖြစ်သည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီရှေ့ခရီးသို့ ဆက်လက်လျှောက်လှမ်း နိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ပြည်သူတို့၏ မျှော်လင့်ချက်ပင်ဖြစ်သည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူတို့၏ဆန္ဒမဲများဖြင့် ရွေးကောက်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ဥပဒေပြုရေးအဖွဲ့အစည်း အသစ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအသစ်တို့နှင့် ပြည်သူတို့လက်တွဲကာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လိုကြပြီး နိုင်ငံရေးထိပ်တိုက်တွေ့မှုများ၊ ပဋိပက္ခများ၊ ရုန်းရင်းဆန်ခတ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ၊ ဖျက်ဆီးမှုများနှင့် နိုင်ငံနှင့်လူမျိုးတို့ကို နိမ့်ကျသည်ထက် နိမ့်ကျစေသည့် အခြေအနေများကို အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူတစ်ရပ်လုံးက ရွံရှာစက်ဆုပ် မုန်းတီးနေကြပြီဖြစ်သည်။
သို့ရာတွင် ရွေးကောက်ပွဲကို မဖြစ်စေလိုသူ၊ ပွဲပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်လိုသူ အဖျက်အမှောင့်သမားတို့မှာ ပြည်တွင်း ပြည်ပ၊ မြေပေါ်မြေအောက်တို့တွင် ရှိနေကြပြီး ခြိမ်းခြောက်နှောင့်ယှက် ဟန့်တားမှုတို့ကို နည်းမျိုးစုံဖြင့် ပြုလုပ်နေကြသည်။ လွန်ခဲ့သည့် ငါးနှစ်က အာဏာရနိုင်ငံရေးပါတီတစ်ခုအနေဖြင့် အသာစီးရယူကာ ရွေးကောက်ပွဲတွင် ခြယ်လှယ်မှု၊ ဥပဒေချိုးဖောက်မှု၊ ဥပဒေကျော်လွန် မှုတို့ကို “ဘာပဲဖြစ်ဖြစ် နိုင်ချင်တယ်” ဟူသောမူဝါဒအရ ဆောင်ရွက် ခဲ့ကြပြီး လွှတ်တော်ကို ဇွတ်ခေါ်ရန်၊ တစ်နည်းအားဖြင့် နိုင်ငံတော် အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့ကြသူများ၊ ပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် တစ်နည်းအားဖြင့် နိုင်ငံနှင့်ပြည်သူကို စစ်မီးလျှံများတောက်လောင်ပျက်စီးစေရန် ဘက်ပေါင်းစုံမှ အကြမ်းဖက် ဖျက်ဆီးခဲ့ကြသူများမှာ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မလိုလားကြ။
လာမည့်ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာမည့် မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်တွင် အကြမ်းဖက်အဖျက်သမားတို့မှာ သမိုင်းတရားခံများအဖြစ် အဆုံးသတ်ကြရမည့်အခြေအနေ ဖြစ်သည်။ တစ်ဖက်တွင်လည်း နွေဦးတော်လှန်ရေးဟူသော ကဗျာဆန်ဆန် စကားလုံးဖြင့် ၎င်းတို့ဘာသာ အမွှမ်းတင်ထားသည့် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများမှာ ရာဇဝတ်မှုပေါင်းစုံတို့နှင့် အပုပ်နံ့တထောင်းထောင်းထကာ ၎င်းတို့လှုပ်ရှားနေသည့်နယ်မြေ များ၌ပင်လျှင် ဒေသခံတို့မလိုလား၊ လက်မခံမှု၊ ပြစ်တင်ရှုတ်ချမှု၊ မောင်းထုတ်မှုတို့နှင့် ကြုံတွေ့နေကြရသည်ကို တွေ့နေရသည်။ လက်နက်ကိုင် အကြမ်းဖက်သောင်း ကျန်းသူများရှိနေခြင်းက ဒေသတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကင်းမဲ့စေသည့် အပြင် ဒေသဖွံ့ဖြိုးတိုးတက်မှုလည်း လုံးဝဆိတ်သုဉ်းကြရသည်။ ကြာကြာဝါး၍ ခါးမှန်းသိလာကြ သည်နှင့်အမျှ ဒေသခံတို့၏ ထောက်ခံမှုနှင့် ထောက်ပံ့ပေးကမ်းမှုတို့ တစ်စစနည်းပါးလာသည့်အပြင် လုံခြုံရေးတပ်ဖွဲ့များထံ သတင်းပေးပို့မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူတို့ အကျအရှုံး များပြားလာသည်။ ပြည်တွင်းပြည်ပနှင့် မြေပေါ်မြေအောက်အဖျက်အမှောင့်များက မည်မျှမလိုလားသည်ဖြစ်စေ၊ မည်သို့နှောင့်ယှက်ဟန့်တားသည်ဖြစ်စေ မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုသည် အရှိန်အဟုန်ဖြင့် ရှေ့သို့ဆက်လက်ရွေ့လျားလျက် ရှိနေပြီဖြစ်သည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရန် မလွဲမသွေဖြတ်သန်း ကြရမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ တစ်ပိုင်းပြီးတစ်ပိုင်း မဖြစ်မနေ ကျင်းပသွားမည်ဖြစ်ရာ အဖျက်အမှောင့်၊ အနှောင့်အယှက်ကင်းကင်း ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး လွှတ်တော်အသစ်၊ အစိုးရအသစ်တို့ ဖြစ်ထွန်းပေါ်ပေါက်လာရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
