Skip to main content

သဘာဝဘေးကို မျက်ခြည်မပြတ်သတိကပ်

 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် တစ်ချိန်တည်းတွင် အခြားသဘာဝဘေး အမျိုးမျိုး တို့ကို လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကိုတွေ့ရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအချို့တွင် မိုးခေါင်၊ ရေကြီး၊ မုန်တိုင်း၊ မြေပြို၊ စသည့်သဘာဝဘေးများ ကပ်ရောဂါနှင့် အတူ တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေရာ ပြည်သူ များ မည်မျှဒုက္ခဆင်းရဲရောက်ကြ ရသည်ကို ခန့်မှန်းကြည့်နိုင်သည်။

တစ်ကမ္ဘာလုံး သဘာဝဘေးဒုက္ခမျိုးစုံ ကြုံနေရသော ယခု ၂၀၂၀ ပြည့်နှစ်ကာလတွင် မြန်မာနိုင်ငံအနေဖြင့်မူ ရာသီဥတုဆိုင်ရာ သဘာဝဘေး တို့ကို ကြီးကြီးမားမား မကြုံတွေ့ရဘဲ ကိုဗင်-၁၉ ကပ်ရောဂါဘေးကိုသာ ရင်ဆိုင်ရသည်ဟုဆိုရမည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို အလေးထားကာကွယ် ထိန်းချုပ်နိုင်ရန် ကြိုးပမ်း နေခြင်းနှင့်အတူ အချိန် မရွေးကြုံတွေ့နိုင်သော သဘာဝဘေးတို့ကိုလည်း မျက်ခြည်မပြတ်သတိကပ် ထားရမည်ဖြစ်သည်။

ယခုနှစ်ကာလသည် သဘာဝဘေးအန္တရာယ်ကို အထူးသတိပြုရမည့် နှစ်ဖြစ်သည်။ ယခုအခါ သဘာဝဘေး အမျိုးမျိုးကို ကြုံတွေ့နိုင်သော မိုးရာသီ ကာလ ကုန်ဆုံးသွားပြီး ပွင့်လင်းရရာသီ သီတင်းကျွတ်ကာလသို့ ရောက်လာ ပြီဖြစ်သော်လည်း ပတ်ဝန်းကျင်၌ ရာသီဥတုဖောက်ပြန်မှုကြောင့် လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ယခုနိုဝင်ဘာလ ၁ ရက်နေ့တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထု ဖြစ်စဉ်များအရ အားနည်းသော လာနီညာအခြေအနေသို့ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။

 နိုင်ငံတကာ မိုးလေဝသဌာနများကလည်း ၎င်းတို့၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်များအရ ယခု နိုဝင်ဘာလနှင့် လာမည့် ဒီဇင်ဘာလ တွင် အားအသင့်အတင့်မှ အားကောင်းလာသော လာနီညာအဆင့်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းထားသည်။ လက်ရှိကမ္ဘာတွင် အပူလွန်ကဲမှု ဖြစ်စဉ် အယ်လ်နီညိုနှင့် အအေး လွန်ကဲမှုဖြစ်စဉ် လာနီညာတို့ဖြစ်ပေါ်လေ့ရှိသည်။ ယခုလာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ် သည့် ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် လာမည့်ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ် အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလတွင် အရှေ့မြောက် မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန် များ လျော့နည်းလာပြီး အအေးပို့ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာ သွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်ခြင်း စသည့်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ရင်ဆိုင်ကျော်လွှားနေစဉ် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ် လာသည့် သဘာဝဘေးအမျိုးမျိုး တို့ကိုလည်း မျက်ခြည်မပြတ်သတိပြု ရင်ဆိုင်ကျော်လွှားနိုင်အောင် ပြင်ဆင် ထားရမည်ဖြစ်သည်။ လက်ရှိကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် မိုးကြီးရေလျှံ၊ မိုးခေါင်ရေရှား၊ မုန်တိုင်း၊ မြေပြိုခြင်းများ ယခင်ထက်ပိုမို ပြင်းထန်ဖြစ်ပွားလာပြီး ဆုံးရှုံးထိခိုက်မှုများလည်း မြင့်မားလာသည်။ ထိုသို့ ဖြစ်ပွားလာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ထိခိုက်ပျက်စီးလွယ်မှုနှင့် ဆုံးရှုံးနိုင်ခြေများ ကြုံတွေ့နေရသည်။

သို့ဖြစ်၍ ရေရှည်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချမှု သစ်တောသစ်ပင်များ ထိန်းသိမ်းမှုတို့ကို ဆောင်ရွက်ရမည်ဖြစ်သလို လတ်တလောတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးကို လည်း ချက်ချင်းဆောင်ရွက်ရန် လိုအပ်သည်။ ကိုဗစ်အလွန်ကာလများတွင် စီးပွားရေး ပြန်လည် ဖွံ့ဖြိုး တိုးတက်ရေး ကုစားဆောင်ရွက်မှုများတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုရှိမှသာ အောင်မြင်မည် ဟုယုံကြည်သည်။

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တိုင်းတွင် ရာသီဥတု ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ မူဝါဒနှင့် နည်းဗျူဟာများကို ၂၀၁၉ ခုနှစ် ကတည်းက တိကျပြတ်သားသော မူဘောင်များ ချမှတ်ထားသည်ကိုတွေ့ရ သည်။ လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်ရှိသော သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်သောအစီအမံများ ဆောင်ရွက်ထားပြီးဖြစ်ရာ စီမံချက် ပါ အတိုင်း အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြဖို့လိုအပ်ပါသည်။

သို့ဖြစ်ရာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ပြန်လည်တည့်မတ် ထိန်းသိမ်းနိုင်ရန် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်း ရေးသည် အရေးကြီးသော  ကိစ္စများဖြစ်၍ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး သစ်တောသစ်ပင် ပျိုးထောင် ထိန်းသိမ်းရေး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလ ပိုမိုထွက်ပေါ်လာ

သော အမှိုက်သရိုက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးတို့ကို အလေးအနက်စဉ်းစား ဝိုင်းဝန်း လက်တွဲ ဖြေရှင်းသွားကြရမည်ဖြစ်ပါကြောင်း။ ။