Skip to main content

မြန်မာနိုင်ငံ စာတတ်မြောက်မှုအစ မိတ္ထီလာက

ကမ္ဘာပေါ်၌ စာပေနှင့်ယဉ်ကျေးမှုထွန်းကားခဲ့သော နိုင်ငံအချို့သည် နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ဦးစွာဖော်ဆောင်နိုင်ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံများအကြားတွင် စာပေနှင့်ယဉ်ကျေးမှုမှရရှိသော အသိအမြင်ထွန်းကားသော နိုင်ငံတို့သည် အတတ်ပညာနှင့် နည်းပညာတိုးတက်ခဲ့ပြီး ကမ္ဘာ‌ပေါ်တွင် ထည်ဝါစွာနေထိုင်နိုင်လျက်ရှိသည်။ ထို့ကြောင့် အသိပညာတတ်မြောက်မှုမှ နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို စွမ်းဆောင်မှုသည် နိုင်ငံတိုင်းအတွက် အရေးပါသော စွမ်းအင်တစ်ခုအဖြစ် အသုံးပြုလာကြလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ စွမ်းဆောင်ရည်မြင့်မားမှုသည် အသိပညာနှင့် အတတ်ပညာရပ်များ‌ပေါ်တွင် တည်မှီလျက်ရှိပြီး မိမိနိုင်ငံခေတ်မီဖွံ့ဖြိုးမှုနှင့်အတူ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းလျှောက်လှမ်းနိုင်ရန် ခေတ်မီပညာရေးကို အလေးထားကြိုးပမ်းကြလျက်ရှိသည်။

မြန်မာနိုင်ငံသည် ပညာရေးကို ရှေးမင်းများလက်ထက်တွင်လည်း အလေးထားဆောင်ရွက်ခဲ့ရာ ဘုန်းတော်ကြီးသင်ပညာရေးသည် ထိုအချိန်က နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို အခြေခံအရေး၊ အဖတ်၊ အတွက် ပညာရပ်များတတ်‌မြောက်စေခဲ့သည်။ ထိုအချိန်က အာရှတွင် စာပေတတ်မြောက်မှုသည် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းအောက်သာရှိခဲ့ပြီး မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုသည် ဂုဏ်ယူဖွယ်ရပ်တည်ခဲ့သည်။ ကိုလိုနီခေတ်တွင် ပညာရေးကဏ္ဍမှေးမှိန်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ပြီးချိန်၌ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် ၃၅ ရာခိုင်နှုန်းကျန်ရှိခဲ့ရာ ပတ်ဝန်းကျင်နိုင်ငံတို့ထက် စာပေတတ်‌မြောက်မှု ကောင်းမွန်သောအခြေအနေတစ်ခုတွင် ရပ်တည်ခဲ့သည်။ လွတ်လပ်ရေးခေတ်နောက်ပိုင်း၌ အစိုးရအဆက်ဆက်သည် စာမတတ်သူပပျောက်ရေးကို ဆောင်ရွက်ခဲ့ကြပြီး ယနေ့မျက်မှောက်ခေတ်၌ စာပေတတ်မြောက်မှုမှ နည်းပညာခေတ်သို့ တက်လှမ်းဖော်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ ၁၉၆၄ ခုနှစ် နွေရာသီတွင် မိတ္ထီလာမြို့ အရှေ့စံပြ ရွာ(ယခုညောင်ကိုင်း)၌ “အ”သုံးလုံးသင်တန်းကို ပထမဆုံးစမ်းသပ်မှုအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ခရိုင်လုံးကျွတ် စာတတ်မြောက်ရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ရာ ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာတစ်ခရိုင်လုံး စာတတ်မြောက်ခဲ့သည်။ မိတ္ထီလာ ခရိုင်လုံးကျွတ် စာတတ်မြောက်ရေးအခမ်းအနားကို ၁၉၇၁ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ညောင်ကိုင်းရွာ အလယ်တန်းကျောင်း၌ မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်တို့မှ ပြည်သူလူထုအင်အား တစ်သိန်းကျော်ဖြင့် စာတတ်မြောက်ရေးအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးကို စတင်အကောင်အထည်ဖော်ဆောင်ခဲ့သည့် စာတတ်မြောက်ရေးလှုပ်ရှားမှုတွင် ခရိုင်လုံးကျွတ် စာတတ်မြောက်မှုဖြင့် သမိုင်းကောင်းများ ရေးထိုးခဲ့သည့် မိတ္ထီလာခရိုင်ညောင်ကိုင်းစံပြရွာမှ “အ”သုံးလုံးသင်တန်းတွင် တက်ရောက်ခဲ့ကြသော အသက် ၇၀/၈၀ ကျော် အဘွားအိုများ၏ စာတတ်မြောက်မှုတွင် ပါဝင်လှုပ်ရှားခဲ့သည့် ပုံရိပ်အချို့ကို စုစည်းဖော်ပြအပ်ပါသည်-

ဆရာမ ဒေါ်မော်မော်(မိတ္ထီလာခရိုင်ပညာရေးမှူး)

မိတ္ထီလာမှာ တာဝန်ထမ်းဆောင်တာ တစ်နှစ်ရှိပါပြီ။ မိတ္ထီလာခရိုင်ဟာ ပညာရေးကို စိတ်ဝင်စားတဲ့ နယ်မြေဖြစ်ပြီး ပညာထူးချွန်တဲ့အပြင် မြန်မာနိုင်ငံမှာ ပထမဆုံး “အ”သုံးလုံးသင်ကြားခဲ့တဲ့ နယ်မြေဖြစ်တာကြောင့် ဒီဒေသမှာ တာဝန်ထမ်းဆောင်ခွင့်ရရှိမှုအပေါ် ဝမ်းသာဂုဏ်ယူမိပါတယ်။ ခရိုင်အတွင်းမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းနေမြဲ‌ရေးနဲ့ အတန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေး၊ ပညာပြည့်ဝနှလုံးလှသော သားကောင်းရတနာများ ပေါ်ထွန်းစေရေးအတွက် ဆရာ ဆရာမ၊ မိဘများနဲ့ ဌာနဆိုင်ရာပူးပေါင်းအားဖြင့် ဆောင်ရွက်နေတာရှိပါတယ်။ စက်တင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာစာတတ် မြောက်ရေးနေ့မှာလည်း “အ” သုံးလုံးပညာရပ်ကို စတင် သင်ကြားပေးခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူဟောင်းကြီးများ အားလုံးကိုလည်း မှတ်မှတ်ရရလေးစားဂုဏ်ယူပြီး အညာဒေသကို ပညာအလင်းဆောင်ပေး ခဲ့မှုအပေါ် ကျေးဇူးအထူးတင်ပါတယ်။

ဆရာမ ဒေါ်ဖြိုးဝေထွန်း (ညောင်ကိုင်းစံပြရွာ အထက်တန်းကျောင်းအုပ်)

ယခုလို ကျွန်မတို့ကျောင်းဟာ မြန်မာနိုင်ငံစာတတ်မြောက်ရေးအတွက် သမိုင်းဝင်နေရာတစ်ခုမှာ တည်ရှိတဲ့အတွက် ဂုဏ်ယူတဲ့အပြင် အဲဒီလိုနေရာက အနာဂတ်ကြယ်ပွင့်တွေကို ပညာသင်ကြားပေးခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ညောင်ကိုင်းစံပြ ကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ညောင်ကိုင်းအထက်တန်းကျောင်းမှာ ကျောင်းသားဦးရေ ၈၀၀ ကျော်ရှိပါတယ်။ အနီးဝန်းကျင်က မူလတန်းဆိုရင် ညောင်ကိုင်း၊ ရွာသစ်၊ ရုံးတောလေး၊ အလယ်တန်းဆိုရင် သာစည်နယ်ထဲက အပျောက်၊ ကုန်းတောင်း၊ ရုန်းတောကြီး၊ အထက်တန်းဆိုရင် ပျဉ်သာ၊ အုတ်ဖို၊ ကြာကန်၊ စဉ့်ပုလဲ၊ ပိတောက်ပင် စတဲ့ကျေးရွာတွေက ကျောင်းသား ကျောင်းသူတွေ တက်ရောက်နေကြပါတယ်။

ဒီဒေသမှာ ကျောင်းပညာသင်ကြားရမယ့် အရွယ်ရောက်သူတိုင်း ပညာသင်ကြားနိုင်ဖို့ကြိုးစား ပေးပါတယ်။ ကျောင်းနေမြဲရေးမှာလည်း ကျောင်းသားတစ်ဦးဟာ အခြေခံပညာပြီးဆုံးအောင် သင်ကြားနိုင်ဖို့ အမြဲတိုက်တွန်းလုပ်ဆောင်ပါတယ်။ ဟိုးယခင်ကတည်းက ပညာသင်ကြားမှု အခြေခံကောင်းတွေတည်ရှိခဲ့တဲ့ ဒေသဖြစ်တဲ့အတွက် မျိုးဆက်သစ်ကြယ်ပွင့်တွေလို တန်ဖိုးထားပြီး ပျိုးထောင်ပေးနေပါတယ်။

တိုင်းပြည်မှာ ပညာတတ်တွေပေါများရင် ဖွံ့ဖြိုးမှုမြန်ဆန်တာကြောင့် နှလုံးရည်နဲ့ စာပေထူးချွန်တဲ့ လူငယ်တွေပေါ်ထွန်းအောင် ပညာရေးဝန်ထမ်းတစ်ဦးအဖြစ် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်နေပြီး အခုလိုအခြေခံအုတ်မြစ်ကောင်းတဲ့ ဒေသမှာလုပ်ဆောင်နိုင်သမျှ ထမ်းဆောင်နေမှုအပေါ် ကျေနပ်အားရပါတယ်။

အဘွားဒေါ်မူစိန်(၇၅)နှစ်(ညောင်ကိုင်းစံပြရွာ)

အမေကြီးက ညောင်ကိုင်းရွာဇာတိပါ။ အခုအသက်(၇၅)နှစ်ရှိပြီဆိုတော့ အသက်(၁၅)နှစ်အရွယ်မှာ သင်ရတာ၊ ရွာလယ်ကသမဝါယမဆိုင်မှာ စာသင်ရတာ။ အဲဒီတုန်းက “အ”သုံးလုံးဆိုတာ သိတယ်။ ဝ-ထ-က-လ-သ သင်တာတော့မှတ်မိတယ်။ ရွာကကြီးတော့ အားလုံးသင်ကြတာ။ မြို့ကဆရာတွေလည်းပါတယ်၊ ရန်ကုန်က ကျောင်းသား ကျောင်းသူတွေလည်းပါတယ်။ တစ်လသင်ပေးတာ။ စာသင်တုန်းက မှတ်မှတ်ရရဆိုရင် ဆရာလေးက ‘ဝ’လုံးကိုရေးပြပြီး နောက်ထပ် ဝလုံးနဲ့ပူးပြီးရေးပြတယ်။ အဲဒါကို ဘယ်လိုခေါ်လဲလို့ ဆရာလေးကမေးတော့ အမေကြီးက ‘ဝပူး’ ဆိုပြီးပြောလိုက်တာ အားလုံးဝိုင်းရယ်ကြတာ။ ရွာကလူတွေကလည်း ဆရာရယ်တာမြင်‌တော့ သူတို့လည်းမသိဘဲနဲ့ ဝိုင်းရယ်ကြတာလေ။ စာသင်ခဲ့တော့အမေကြီး နာမည်ကိုရေးတတ်ခဲ့တယ်။ သူတို့တွေပြန်တော့ ရင်ထဲမှာ ဟာတာတာကြီးနဲ့ ရွာထဲက လူတွေအားလုံးကျန်ခဲ့ကြတာ။ အဲဒီအချိန်ကို ပြန်ပြီးလွမ်းမိပါတယ်ကွယ်။

အဘွားဒေါ်နီ(၈၃)နှစ် (ညောင်ကိုင်းစံပြရွာ)

အဘွားတို့အသက် ၂၀ ကျော်မှာ “အ”သုံးလုံးသင်ခဲ့ရတာ။ လူတွေအများကြီးပဲ။ မြို့ကလာပြီး သင်ပေးတာ။ ရွာလယ်မှာသင်ရတာ။ အဲဒီအချိန်က ပျော်လည်းပျော်တယ်။ ဝလုံးများများရေးခိုင်းတယ်။ ဝ-ထ-က-လ-သ တွေဆိုခိုင်းတယ်။ သူတို့ရေးပြသင်ပြတာ မှားပြောမိရင် အားလုံးရယ်ကြတာ။ ကိုယ်လည်းရယ်တာပဲ။ စာမတတ်တဲ့သူတွေပဲဆိုတော့ ပျော်ကြတယ်။ အခုထိ အဘွားအမည်ကို ရေးတတ်တယ်၊ လက်မှတ်လည်းထိုးတတ်တယ်၊ လက်တော့တုန်တာပေါ့။ စာသင်ခဲ့ သူအချို့လည်းမရှိကြတော့ဘူး။ “အ”သုံးလုံးသင်တဲ့ သူတွေထဲမှာ ရွာထဲမှာ ၁၀ ဦးနီးပါး ကျန်သေးတယ်။ အမျိုးသမီးတွေချည်းပဲသင်ရတာ။ အမျိုးသားတွေက စာတတ်ကြတော့မသင်ရဘူး။ အဲဒီတုန်းက ‘ထ’ကို အပေါ်ပိုင်း လေးဖျက်ရင် ‘ယပလက်’ဆိုတာ ကိုမသိတော့ ‘ထအပေါ်ဖျက်’လို့ ဆိုလိုက်တာ အားလုံးဝိုင်းရယ်တာ မှတ်မိသေးတယ်။

အဘွားဒေါ်လှကြိုင်း(၇၅)နှစ် (ညောင်ကိုင်းစံပြရွာ)

ဒီရွာဇာတိပါ။ အသက်(၇၅) နှစ်ရှိပါပြီ။ ရွာကို “အ”သုံးလုံးလာသင်တော့ အသက် ၁၅/ ၁၆ လောက်ရှိမယ်။ အသက်ကို ရွာဦးကျောင်းမှာဇာတာဖွဲ့တာဆိုတော့ မှတ်ပုံတင်နဲ့ကွာတာပေါ့။ ရွာကိုလာပြီး “အ”သုံးလုံးသင် တော့ ဘေးပတ်ဝန်းကျင်ရွာတွေမပါဘူး။ တက္ကသိုလ်ကျောင်းသားတွေက စိတ်ရှည်ရှည်နဲ့သင်ပေးကြတာ၊ သ‌ဘောလည်းကောင်းကြတယ်၊ ချောလည်းချောကြတယ်။ ညောင်ကိုင်းကရွာကြီးဆိုတော့ ဒီရွာကလူတွေကိုပဲ သင်ပေးခဲ့ကြတာ။ အမေကြီးစာဖတ်တတ်ခဲ့တယ်။ ရေးတာထက်ဖတ်တာကို ပိုပြီးအားရတယ်၊ အခုထိလည်း စာတွေဖတ်နေပါတယ်။ အလှူဖိတ်စာတွေ ဖတ်တတ်တယ်၊ လုံးဆင့်တွေဆိုရင်တော့ မဖတ်တတ်ဘူး။ လက်မှတ်လည်းထိုးတတ်တယ်။ အမေတို့ ဘဝကိုမြှင့်တင်ပေးပြီး စာသင်ပေးခဲ့ကြတဲ့ ဆရာ ဆရာမကြီးတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း - ဥဿ

ဓာတ်ပုံ - ကိုလွင်