နေပြည်တော် စက်တင်ဘာ ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
ထိုသို့ ပြန်လည်ရောက်ရှိစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ယခုလိုပဲ ဖြေကြားခဲ့ပါတယ် -
မေး။ ။ ပထမဦးဆုံးအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံမှာ ကျင်းပတဲ့ SCO ထိပ်သီးအစည်းအဝေးနဲ့ တရုတ်နိုင်ငံမှာ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒီအခမ်းအနားမှာ တခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအပါအဝင် တရုတ်သမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ လာအိုနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့တာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံမှုတွေကနေ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသလဲခင်ဗျ။
ဖြေ။ ။ တရုတ်နိုင်ငံခရီးစဉ်မှာ တရုတ်နိုင်ငံတုန်းကလည်း ပြောပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံခရီးစဉ်မှာ အပိုင်းသုံးပိုင်း ရှိပါတယ်။ နံပါတ်တစ်အပိုင်းကတော့ တီယန်ကျင်းမြို့မှာ (SCO) ပေါ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး သွားရောက်တက်ရောက်တယ်။ ဒုတိယအပိုင်းကတော့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနား ပေကျင်းမှာ တက်ရောက်တယ်။ တတိယတစ်ပိုင်းကတော့ တရုတ်ရဲ့ ပြည်နယ်တွေ သွားရောက်လည်ပတ်တယ်။ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့၊ စီချွမ်ပြည်နယ် ချန်ဒူးမြို့ကို သွားရောက်လည်ပတ်ပြီး လေ့လာရေးခရီးသွားခဲ့တယ်။ ဒီနေရာမှာ အပိုင်းသုံးပိုင်းက မြန်မာနိုင်ငံအတွက် ပြောချင်တာ ကတော့ SCO အစည်းအဝေးမှာ ဒီအဖွဲ့အစည်းက တော်တော်ကြီးမားတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်။ နောက်ပိုင်းမှာ ဝင်ချင်တဲ့အဖွဲ့ဝင်နိုင်ငံတွေလည်း များလာတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ပထမ ဦးဆုံးပြောချင်တာက ဒီအဖွဲ့ရဲ့အစည်းအဝေးမှာရော၊ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားမှာရော ဖိတ်ခေါ်ခဲ့တဲ့အတွက် တရုတ်နိုင်ငံနဲ့ တရုတ်အစိုးရ တရုတ်နိုင်ငံသမ္မတကြီးကို အထူးကျေးဇူးတင်ကြောင်း ပထမဆုံးပြောကြားလိုပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း အသိပဲ။ ကျွန်တော်တို့ ခင်ဗျားတို့အသိပဲဆိုတာ မြန်မာနိုင်ငံအနေနဲ့က နိုင်ငံတကာမှာ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ စည်းလုံးညီညွတ်မှုမရှိတဲ့သူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေအရ နိုင်ငံရေးအရ မြန်မာနိုင်ငံဟာ နိုင်ငံတကာရေးရာမှာ နည်းနည်းနောက်ကျနေတဲ့ အခြေအနေမျိုးရှိတယ်။ ဒါယခင်ကတည်းကတိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ယခင်ရုရှားခရီးစဉ်တွေ၊ တရုတ်သမ္မတကြီးနဲ့ ခရီးစဉ်မှာ မြှင့်တင်ပေးပါတယ်။ အခုဟာက ပိုပြီးတော့ ကောင်းတဲ့မြှင့်တင်မှု၊ ပိုပြီးတော့ ပြည့်စုံတဲ့မြှင့်တင်မှုလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ပြီး သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။ ဒါ့အပြင် SCO အစည်းအဝေးတွေမှာ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တော်တော်များများတွေ့ခဲ့တယ်။ နိုင်ငံတကာခေါင်းဆောင်တွေဆိုတာကလည်း နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရတဲ့သူတွေက သူ့ရဲ့ ပြည်တွင်းအလုပ်နဲ့တင် သူက အလုပ်ရှုပ်နေတာ ဖြစ်တယ်။ သူတို့အနေနဲ့ ဘာတွေပဲ အများဆုံးကြည့်နိုင်သလဲဆိုရင် သူတို့အပေါ်မှာ ပို့လိုက်တဲ့၊ သူတို့အဖွဲ့တွေကပို့လိုက်တဲ့ Report ပေါ့။ ဒီ Report တွေ၊ အစီရင်ခံစာတွေကလည်း ဘယ်အပေါ်မှာ အစီရင်ခံသလဲဆိုတော့ မီဒီယာတွေပေါ်မှာ အစီရင်ခံတာ မီဒီယာတွေပေါ်မှာ အစီရင်ခံတော့ မီဒီယာလောကကလည်း ဘာဖြစ်နေသလဲဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့သိတဲ့အတိုင်း မီဒီယာလောကကလည်း အနောက်နိုင်ငံတွေက လိုလားရင် တစ်မျိုး၊ မလိုလားရင် တစ်မျိုးဆိုတာဖြစ်နေတယ်။ ဒီအပေါ်မှာ အခြေခံပြီးရေးတဲ့ သူတို့ ဖတ်ရတဲ့ဟာတွေ၊ သူတို့ အမြဲတမ်းတွေ့ကြုံနေရတဲ့ဟာတွေသည် ပြည့်စုံမှုရှိမှာမဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သေချာ တာတစ်ခုကတော့ မကောင်းကြောင်းတွေပဲများဖို့ များတယ်။ ဒီလိုတွေ့ရတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူတို့တွေ့ရတယ်။ မြန်မာနိုင်ငံခေါင်းဆောင်နဲ့ပတ်သက်ပြီး အနီးကပ်တွေ့ရတယ်။ စိတ်နေစိတ်ထားတွေ့ရတယ်ပေါ့။ စကားပုံတစ်ခုရှိတယ် (Seeing is believing) ကိုယ်တွေ့ကြုံရင် ယုံတယ်။ မျက်မြင်ရင် ယုံတယ်။ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာဖြစ်တယ်။ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ စိတ်ထားတွေ၊ မြန်မာနိုင်ငံအပေါ်မှာ ထင်မြင်တဲ့ အထင်အမြင်တွေသည် ပိုပြီးတော့ ကောင်းမွန်လာတယ်။ ဒီလိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။
တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားတက်ရတယ်။ တော်တော်ကြီးကျယ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒါသည် တရုတ်ပြည်သူလူထုရဲ့ စည်းစနစ်ကျမှုတွေ၊ တရုတ်တပ်မတော်ရဲ့ စည်းစနစ်ကျမှုတွေ၊ ကာကွယ်ရေးစွမ်းပကားမြင့်မားမှုတွေ၊ တရုတ်တပ်မတော်က ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းရေးလုံခြုံရေးအတွက် ခေတ်မီလက်နက် ကိရိယာတွေပိုင်ဆိုင်ထားတယ်ဆိုတာတွေ အားလုံးကို ပြသနိုင်ခဲ့တယ်။ ပြသနိုင်ခဲ့တဲ့အပြင် ဒီမှာတွေ့ရတဲ့ ခေါင်းဆောင်တွေနဲ့လည်း အသေးစိတ်ဆွေးနွေးနိုင်ခဲ့တယ်။ ဒါတွေဟာ ဂုဏ်ယူ ဖွယ်ရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ IT ကဏ္ဍ၊ ကုန်သွယ်ပို့ဆောင်ရေးကဏ္ဍ ဒီကဏ္ဍတွေအားလုံးကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ သွားရောက်ကြည့်ရှုနိုင်ခဲ့တယ်။ ဒါဒီခရီးစဉ်ရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒီခရီးစဉ်မှာပြောခဲ့တဲ့ စကားနဲ့ပြောရရင် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ဒါ့ထက် ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်။ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ပဲ ဒီလိုမျိုး ကျွန်တော်အနှစ်ချုပ်ပြောချင်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် လိုအပ်တာကတော့ အခုခရီးစဉ်မှာ အသိပေးချင်တာက ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးသည် ကမ္ဘာမှာ ပြန်လည်ပြီးတော့ သိက္ခာရှိတဲ့ အဆင့်အတန်းကို ရပ်တည်နိုင်ပါပြီ။ ပိုပြီးတော့ သိက္ခာရှိတဲ့၊ ပိုပြီးတော့ ငြိမ်းချမ်းသာယာမယ့်နေရာကို ကျွန်တော်တို့ လျှောက်လှမ်းဖို့ လိုတယ်။ တည်ငြိမ်အေးချမ်းဖို့ အားလုံးက ဝိုင်းဝန်းပံ့ပိုးဖို့ လိုတယ်။ မကြာမီမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အားလုံးအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ပြီး အသက်သွင်း၊ ပြန်လည်ပြီး အပြည့်အဝ အကောင်အထည်ဖော်ဖို့ အားလုံးက ဝိုင်းဝန်းကြိုးစားဖို့ လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လို အခြေအနေရှိပါသလဲဗျ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံရောက်တဲ့အချိန်မှာ အချိန်ကိုက်ပဲ SCO အစည်းအဝေးပြီးသွားတဲ့အချိန်၊ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားပြီးသွားတဲ့အချိန်မှာ မီဒီယာတွေတော်တော်များများ မြန်မာခေါင်းဆောင်တက်ရောက်တဲ့ဟာတွေ၊ မြန်မာခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေ ပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ တစ်ဖက်က ဒီသတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့သတင်းတစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ သို့သော် သူတို့ပြောတဲ့ဟာတွေ မအောင်မြင်ပါဘူး။ ဒီသတင်းကို လွှမ်းမိုးဖို့ လုပ်ကြံတယ်ဆိုပေမယ့် ကျွန်တော်တို့လည်း အချိန်မီဖြေရှင်းခဲ့ပါတယ်။ အခုမီဒီယာတွေရှေ့မှာ အတိအလင်းပြောပါမယ်။ ဒီသတင်းသည် သတင်းတု သတင်းမှားဖြစ်ပါတယ်။ လုပ်ကြံတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံကို မလိုလားတဲ့၊ ကျွန်တော်တို့ တိုးတက်မှာကို မလိုလားတဲ့ လူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ဖြစ်ပါတယ်။
သတင်းစဉ်