နေပြည်တော် စက်တင်ဘာ ၅
မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့(Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးကို စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
မျက်နှာချင်းဆိုင်အစည်းအဝေး၌ အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) တွဲဖက်သဘာပတိများ၊ ငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering – APG) အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ၊ APJG မှ အကဲဖြတ်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မျက်နှာချင်းဆိုင်အစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့်အစီအမံများအပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်လိုက်နာဆောင်ရွက်ချက်များကို အကဲဖြတ်သူများအားလုံးမှ ခြုံငုံချိတ်ဆက်သိရှိစေရန်အတွက် လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှုများကို ဦးစွာရှင်းလင်း တင်ပြဆွေးနွေးသည်။ ယင်းနောက် APJG မှ အကဲ ဖြတ်သူများက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာပါ လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ထပ်မံရှင်းလင်းသိရှိလိုသည့်အချက်များ မေးမြန်းခဲ့ခြင်းအပေါ် မြန်မာ ကိုယ်စားလှယ်များက အသေးစိတ်ရှင်းလင်းဖြေကြားသည်။
ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံရှိ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှရရှိသည့် ငွေကြေးစုံစမ်းထောက်လှမ်းရေးသတင်းအချက်အလက်များ အသုံးပြု၍ စုံစမ်းစစ်ဆေးမှု၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်များနှင့်အညီ ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိသည့် မှုခင်းဖြစ်စဉ်များတွင် ငွေကြေးဆိုင်ရာစုံစမ်း စစ်ဆေးခြင်းလုပ်ငန်းများကို အပြိုင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများ စုံစမ်းစစ်ဆေးချက်များ၊ ပြစ်မှုကျူးလွန်ရာမှရရှိသော အကျိုးအမြတ်များ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် အကျိုးအမြတ်များနှင့် တန်ဖိုးတူညီသည့် အခြားသောပစ္စည်းများကိုသိမ်းဆည်းခြင်း၊ ထိန်းချုပ်ခြင်းနှင့် နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်း ခြင်းများကို တိုးမြှင့်ဆောင်ရွက်ချက်များ၊ နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းပြီးသည့်အချိန်အထိ ပစ္စည်းတန်ဖိုးကို ထိန်းသိမ်းထားနိုင်ရေးအတွက် စီမံခန့်ခွဲသည့်နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင်များကို FATF ၏ စံသတ်မှတ်ချက်များနှင့်အညီ ပိုမိုအားကောင်းစေရန် ပြင်ဆင်ထုတ်ပြန်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြု၍ အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်