နေပြည်တော် စက်တင်ဘာ ၅
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော မန္တလေးမြို့ရှိ ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရေး၊ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် စီးပွားရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝန်ကြီးဌာနပိုင် ငှားရမ်းဟိုတယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဟိုတယ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဟိုတယ်များမှ တာဝန်ရှိသူများ၏တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာ ရှိသည့်အတွက် ပွင့်လင်းရာသီကာလ ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်နိုင်ရန် တာဝန်ရှိသူများက ကြိုးစားကြရေး၊ မန္တလေးမြို့သို့ ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြရန် ဝိုင်းဝန်းပူးပေါင်း စီစဉ်ဆောင်ရွက်ကြရေး၊ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံ၊ အခန်းများ၊ ခန်းမများကို ပြင်ဆင်ရာတွင် သတ်မှတ်ထားရှိသည့် စံသတ်မှတ်ချက်များအတိုင်း ပြင်ဆင်ကြရေး၊ ဟိုတယ်သို့လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များ ပြင်ဆင်ထားရှိရေး၊ ဟိုတယ်များ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိသော မြေယာရှုခင်းသာယာလှပရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားဆောင် ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မန္တလေးမြို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေး၊ မန္တလေးမြို့ရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာ နေရာများသို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာသွားရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဆိုင်ရာသတင်းအချက်အလက်များနှင့် ခရီးသွားမြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ရေး၊ ငလျင်ကာလအလွန် ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း အမြန်ဆုံးလည်ပတ်လုပ်ကိုင်နိုင်ကြရေး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက အသင်းအဖွဲ့များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ကြုံတွေ့နေရသည့်အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကိုမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်