Skip to main content

တောင်အာရှနှင့် အရှေ့တောင်အာရှမီဒီယာ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၅ တရုတ် - မြန်မာ Twin City မီဒီယာဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ တက်ရောက်

ကူမင်း စက်တင်ဘာ ၅

တောင်အာရှနှင့် အရှေ့တောင် အာရှမီဒီယာ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ရှန်ဂရီလာ JEN ဟိုတယ်၌ ကျင်းပသည်။ 

အခမ်းအနားသို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးမစ္စ ဇိန်းယန့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၊ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ သီရိလင်္ကာနိုင်ငံတို့မှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မစ္စတာရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှုစာအုပ်ပြပွဲနှင့် ယူနန်ပြည်နယ်ဆိုင်ရာ ပြခန်းခင်းကျင်း ပြသထားမှုများကို ကြည့်ရှုလေ့လာကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းရင်းသားသံစုံတေးသီချင်းဖြင့် ကြိုဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စဇိန်းယန့်နှင့် တရုတ်နေ့စဉ်သတင်းစာဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အယ်ဒီတာချုပ် မစ္စတာချွီယင်ဖူတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ဆက်လက်၍ ၂၀၂၅ တောင် အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ်အဖွဲ့ ပူးပေါင်းဆောင်ရွက်သည့် အောင်မြင်မှုရလဒ်များကို ထုတ်ပြန်သည်။

ထို့နောက် မဟာမိတ်အဖွဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းစတင်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် သီရိလင်္ကာနိုင်ငံတို့မှ ကိုယ်စားလှယ်များက စုပေါင်းဖွင့်လှစ်ပေးကြပြီး ကမ္ဘောဒီးယားနိုင်ငံယဉ်ကျေးမှုအဖွဲ့က ရိုးရာအကဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက “ပခန်းယိမ်း အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် တျန်းချစ်ပညာရှင်များ တွေ့ဆုံပွဲကိုကျင်းပရာ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့မှဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က အမှာစကားပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးအတွက် “အပြန်အလှန် သင်ယူကိုးကားမှုများဖြင့် ဖွံ့ဖြိုးတိုးတက်ရန်ဆိုသည့် ခေါင်းစဉ်ကို ရွေးချယ်ထားခြင်းသည် အလွန်သင့်မြတ်ပြီး အရေးပါသည့် အဓိပ္ပာယ်ကို ပေါ်လွင်စေပါကြောင်း။

ယနေ့ခေတ်တွင် တောင်အာရှနှင့် အရှေ့တောင်အာရှသည် ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး၊ နည်းပညာနှင့် လူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်လာနေသည့် ဒေသများဖြစ်ပါကြောင်း၊ ယခုလို အောင်မြင်မှုရရှိလာခြင်းသည် တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား အပြန်အလှန်သင်ယူမှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသည်ဟု မိမိသိမြင်ယုံကြည်ပါကြောင်း။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများက မီဒီယာများနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပါကြောင်း၊ အလားတူ အာဆီယံနိုင်ငံများအပြင် အခြားနိုင်ငံပေါင်းများစွာနှင့်လည်း မီဒီယာပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံက မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသလို မကြာသေးခင်ကပင် မဲခေါင်နိုင်ငံများ စုပေါင်းပါဝင်သော Mekong Look App တွင် ပါဝင်အကောင် အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း။

ထို့အပြင် ABU, AIBD စသော အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ရုပ်သံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ထိုအဖွဲ့အစည်းများကကြီးမှူးပြီး ပြုလုပ်သည့် Media Training ၊ Workshop ၊ နည်းပညာဆိုင်ရာသင်တန်းများကို Online နှင့်ရော လူကိုယ်တိုင်ပါ ပါဝင်တက်ရောက်ပြီး သင်ယူလေ့လာ အသုံးပြုမှုများ ဆောင်ရွက်နေ ပါကြောင်း။ 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့်လည်း ယမန်နှစ်က (၄) ကြိမ်မြောက် တရုတ်-မြန်မာ Twin City မီဒီယာဖိုရမ်ကို ပူးပေါင်းကျင်းပခဲ့ပါကြောင်း၊ မီဒီယာမှတစ်ဆင့် ယဉ်ကျေးမှုဖလှယ်ခြင်းများကို နှစ်နိုင်ငံပြည်သူများ သိရှိနားလည်အောင် ပူးပေါင်းရိုက်ကူးထုတ်လုပ်ပေးခြင်းများ၊ အပြန်အလှန်သွားလာပြီး ပူးပေါင်းရိုက်ကူးရေးဆောင်ရွက်ခြင်းများကိုလည်း ယခုထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သင့်သည်ဟု မြင်ပါကြောင်း၊ သို့မှသာ နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးပွားလာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်းများစွာနှင့်ပူးပေါင်းပြီး ရိုက်ကူးရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ယနေ့ကျင်းပသည့် ဖိုရမ်မှတစ်ဆင့် အပြန်အလှန်သင်ယူမှု၊ ဆန်းသစ်သောနည်းလမ်းများ ဖန်တီးမှုနှင့်တာဝန်ရှိသည့် သတင်းများဖြန့်ဝေမှုများက တောင်အာရှနှင့် အရှေ့တောင်အာရှဒေသမှ နိုင်ငံတစ်ခု ချင်းစီအတွက်သာမက ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက်ပါ အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်လာမည်ဟုလည်း ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ “နယ်စပ်ကိုဖြတ်ကျော်၍ လက်ချင်းတွဲထားသည် ခေါင်းစဉ်ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ တရုတ်၊ ထိုင်း၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တရုတ်နိုင်ငံလုံးဆိုင်ရာ သတင်းမီဒီယာအဖွဲ့ အမှုဆောင်အတွင်းရေးမှူး ဝူရွှီ (Wu Xu)တို့ တွေ့ဆုံဆွေးနွေးသည်။ 

တွေ့ဆုံစဉ် နှစ်နိုင်ငံ သတင်းမီဒီယာကဏ္ဍတွင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၊ သတင်းတုသတင်းမှားများကို သတင်းအမှန်များဖြင့် ပူးပေါင်းတိုက်ဖျက်ရေး၊ မကြာမီကျင်းပမည့် မြန်မာနိုင်ငံရွေးကောက်ပွဲအောင်မြင်ရန်အတွက် မီဒီယာကဏ္ဍမှ ဝိုင်းဝန်းကူညီအားဖြည့်ဆောင်ရွက်ပေးရေး၊ နှစ်နိုင်ငံ သတင်းမီဒီယာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေး‌နွေးကြသည်။

ညနေပိုင်းတွင် ၂၀၂၅ တရုတ်- မြန်မာ Twin City မီဒီယာဖိုရမ်နှင့် “မင်္ဂလာစကားမိတ်ဆက် “ပေါက်ဖော်မေတ္တာနွေးထွေးစွာ တရုတ် - မြန်မာ စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ မီဒီယာများနှင့်မိတ်ဖက်ချစ်ကြည်ရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသများသို့ ယူနန် ပြည်နယ်ကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးအဖွဲ့ သွားရောက်ကယ်ဆယ်ခဲ့သည့် Video Clip ကို ပြသ၍ ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဦး၊ ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မန္တလေးအဝေးသင်တက္ကသိုလ်မှ ဥပဒေအထူးပြုကျောင်းသူ မနေခြည်အောင်မြင့်နှင့် တာဝန်ရှိသူများက မန္တလေးမြေငလျင်ကြီးနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ကယ်ဆယ်ရေးနည်းလမ်းများနှင့် ဘာသာစကားကနယ်နိမိတ်မဲ့၍ ချစ်ခြင်းမေတ္တာအတားအဆီးမရှိခြင်းနှင့်ပတ်သက်ပြီး အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ဆက်လက်၍ “မီဒီယာချင်းလက်တွဲ၍ အနာဂတ်သို့ လျှောက်လှမ်းမည် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကိ ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ယူနန် နေ့စဉ်သတင်းစာလုပ်ငန်းစု ပါတီကော်မတီဝင် ဒုတိယအယ်ဒီတာချုပ် ဝမ်ထင်ရောင်၊ မြန်မာနိုင်ငံရွှေဇာမဏီ တရုတ်သတင်းစာ တာဝန်ခံဒေါ်ချိုသက်ထွန်းနှင့် တယ်ဟုန်ပြည်နယ်ခွဲ သတင်းရုံးခန်းဌာနမှူး လီဇုန်းမင်တို့က ဆွေးနွေးပြောကြားကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းမှ ဦးမြတ်ခိုင်တို့အပါအဝင် မြန်မာပုဂ္ဂလိက မီဒီယာအဖွဲ့နှင့် တရုတ်မီဒီယာအဖွဲ့မှ ကိုယ်စားလှယ်များက နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် AI နည်းပညာကိုအသုံးပြု၍ သတင်းမီဒီယာလုပ်ငန်းများ မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့ 1903 ပန်းခြံ၌ ကျင်းပသည့် “တောင်ပိုင်းဒေသညချမ်း ပဒေသာကပွဲနှင့် “ချည် Show ပိုးဖဲအနီးအနားတဖွဲဖွဲ ယဉ်ကျေးမှုဈေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ပြန်ကြားရေးဝန်ကြီးများက တရုတ် - မြန်မာ ဈေးပွဲတော်နှင့် တရုတ်-ကမ္ဘောဒီးယား ဈေးပွဲတော်တို့ကို ဖွင့်လှစ်ပေးကြပြီး တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား သုံးနိုင်ငံအနုပညာရှင်များ စုပေါင်းတင်ဆက်သည့် Flash Light ဖျော်ဖြေမှု၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “ရွှေလက်ကမ်း၍ ကြိုလျက်ပါ အကဖြင့် ဖျော်ဖြေမှု၊ သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ “နန်းကြာညိုကြော့ အကဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် တရုတ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များသည် ပြခန်းများ၌ ခင်းကျင်းပြသထားသည့် နိုင်ငံအလိုက် ထုတ်ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံကဝင်ရောက်ပြသသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လက်မှုပညာပြခန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လက်ဆောင်ပစ္စည်း အရောင်းပြခန်း၊ ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသများနှင့် မြန်မာနိုင်ငံ၏တောတောင်ရေမြေ သဘာဝရှုခင်းများပြခန်း၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဈေးပွဲတော်တွင် တောင်အာရှနှင့် အရှေ့တောင်အာရှမှ စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ‌ကျော်က နိုင်ငံအလိုက် ထုတ်ကုန်ပစ္စည်းများအပြင် ယူနန်ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ယူနန်ပညာရေးပြခန်း တို့ကို ခင်းကျင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်