နေပြည်တော် စက်တင်ဘာ ၄
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ်အမျိုးမျိုး စိန်ခေါ်မှုအမျိုးမျိုးနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသည် ဘေးအန္တရာယ်နှင့် စိန်ခေါ်မှုများကြောင့် ထိခိုက်ခံစား ဆုံးရှုံးရမှုလည်းများပြားကြောင်း၊ လူသားအရင်းအမြစ်များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရေးအတွက် အထူးသဖြင့် ထိခိုက်လွယ်အုပ်စုများကို လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြင့် အလေးထား ကာကွယ်စောင့်ရှောက်ပေးသွားရန်လိုအပ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ထူထောင်ရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်၌ ဖော်ပြထားသည့်အတိုင်း “နည်းလမ်းလေးသွယ်၊ အရွယ်သုံးပါး၊ စုပေါင်းအား” ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နည်းလမ်းလေးသွယ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုနှင့် ထိခိုက်ခံစားရသူများကို သက်သာမှုရရှိအောင် ဆောင်ရွက်သည့် အဆင့်မှ စဉ်ဆက်မပြတ်ကာကွယ်မြှင့်တင်နိုင်ပြီး စွမ်းရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များကို ထူထောင်သွားနိုင်မည်ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် အရွယ်သုံးပါးဖြစ်သော ကလေးသူငယ်အရွယ်၊ လူငယ်လူလတ်ပိုင်းအရွယ်နှင့် သက်ကြီးရွယ်အိုအရွယ်အုပ်စုများ၏ လူမှုကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းကြရမည်ဖြစ်ကြောင်း၊ အမျိုးသားကော်မတီအနေဖြင့် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက် ၂၀၁၄ ကို ပြန်လည်ဆန်းစစ်ပြီး ခေတ်အခြေအနေနှင့် ကိုက်ညီအောင် ပြန်လည်မွမ်းမံပြုစုသွားရန်နှင့် ကော်မတီဝင် ဝန်ကြီးဌာနများ၏ လုပ်ဆောင်မှုများကိုစုစည်းပြီး အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဖော်ဆောင်မှု အစီရင်ခံစာတစ်စောင် ပြုစုတင်ပြသွားရန် ရည်မှန်းထားကြောင်း၊ ရေရှည်လုပ်ငန်းစဉ်အနေဖြင့် နောင်တစ်ချိန်တွင် ဥပဒေပြုအဖွဲ့အစည်းပေါ်ပေါက်လာသည့်အခါ မြန်မာနိုင်ငံ တွင် လိုအပ်နေသည့် “လူမှုကာကွယ်စောင့်ရှောက် ရေးဥပဒေ” တစ်ခုလွှမ်းခြုံ ပေါ်ပေါက်လာရေးအတွက် လက်ရှိပြဋ္ဌာန်းထားပြီးဖြစ်သည့် လူမှုကာကွယ်ရေး ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများကို လေ့လာစုဆောင်းပြီး မိခင်ဥပဒေတစ်ခုအဖြစ် ပြည့်ပြည့်စုံစုံ ပြုစုပြဋ္ဌာန်းသွားနိုင်ရေး လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး လူမှုဘဝလုံခြုံမှုရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ လက်ရှိတွင် အစီအစဉ်သုံးရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ထောက်ပံ့ငွေများပေးအပ်ခြင်း၊ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများပေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်