Skip to main content

ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

Gender/ CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၁၉ ဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကမ္ဘာတစ်ဝန်းလုံး၌ ဆောင်ရွက်နေကြသည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နေသည့် Gender/ CEDAW/ NSPAW/ AGMSF/ WPS လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် သက်ဆိုင်ရာဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ကျား၊ မ ရေးရာကို ထည့်သွင်းစဉ်းစားဆောင်ရွက်လာစေရန်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား အမျိုးသမီးများ၏ အခွင့်အရေးများကို ချိတ်ဆက်မှုအားကောင်းစွာဖြင့် ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရာတွင် ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ပါဝင်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား၊ မ ရေးရာဆိုင်ရာ အချက်အလက်များ ကောက်ယူရန် ကျား၊ မ ရေးရာ တာဝန်ခံ Gender Focal Point များအဖြစ်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသမီးများအားလုံး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍအလိုက် သက်ဆိုင်သည့် အခွင့်အလမ်းများကို လက်လှမ်းမီရရှိစေရန်နှင့် ရပ်ရွာအဆင့်မှ နိုင်ငံအဆင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း လေ့လာရသမျှဗဟုသုတများကို ထပ်ဆင့်မျှဝေပေးခြင်း၊ မိမိတို့၏ လုပ်ငန်းများတွင် ကျား၊ မ ရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် သင်တန်းမှရရှိသည့် ဗဟုသုတ၊ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်