နေပြည်တော် စက်တင်ဘာ ၃
စစ်ကိုင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပြောကြား
ဦးစွာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းပြည့်မီရေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများ ပေးအပ်ရာတွင် ယခုစီမံကိန်းဖြင့် ဖြန့်ဝေသောဈေးနှုန်းမှာ ယူရီးယားတစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်း ငွေကျပ် ၈၉၅၀၀ နှင့် ကွန်ပေါင်းတစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်း ငွေကျပ် ၁၂၀၀၀၀ ဖြစ်ပါကြောင်း၊ ရန်ကုန်မှ သယ်ယူစရိတ်နှင့် သတ်မှတ်ကုန်ကျစရိတ်များအပါအဝင် ယူရီးယားနှင့် ကွန်ပေါင်းတစ်အိတ်လျှင် တောင်သူများ လက်ဝယ်အရောက်ပြင်ပဈေးထက် ငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ သက်သာနိုင်မည်ဖြစ်ကြောင်း၊ ပြင်ပဆိုင်များတွင် သီးနှံပေါ်ပေးစနစ်ဖြင့် ဝယ်ယူပါက ပိုမိုကျသင့်မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သီးနှံပေါ်ပါက ယခုသွင်းအားစုတန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်ချေးငွေများကို အပြေအကျေပြန်ဆပ်ရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယား၊ ကွန်ပေါင်းသွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) နောက်ဆုံးနှစ်တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံကိုလည်းကောင်း၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများ၊ စက်ရက်ကန်း၊ လက်ရက်ကန်း၊ ရွှေချည်ထိုး ငွေချည်ထိုးသင်တန်းလက်တွေ့သင်ကြားနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ နေထိုင်ရေး၊ စားသောက်ရေးကိစ္စရပ်များ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ သင်တန်းကျောင်းအတွင်း သံကူကွန်ကရစ်သုံးထပ် သင်တန်းသား အိပ်ဆောင်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်