နေပြည်တော် စက်တင်ဘာ ၃
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ စစ်သည် အစားခန့် (အရပ်သား) ဝန်ထမ်းများ၏ သားသမီးများ၊ စစ်သည်များ၊ လူရည်ချွန်ဆု ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းများကို ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌လည်းကောင်း ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် စစ်သည်များကိုယ်စား ကျောင်းသား ကျောင်းသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ စစ်သည်များနှင့်အတူ ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းများကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်