Skip to main content

နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းနှင့် မဲဆန္ဒရှင်အသိပညာပေး သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းနှင့် မဲဆန္ဒရှင်အသိပညာပေးသရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမြင့်ဦး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လာမည့်ရွေးကောက်ပွဲတွင် ယခင် ကျင့်သုံးခဲ့သည့် FPTP စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ထားသည့် ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional – MMP) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြိုတင်မဲများမှလွဲ၍ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံများ၌ မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) များဖြင့် ခလုတ်နှိပ်မဲပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းများခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများရှိ အများယုံကြည်လေးစားခြင်း ခံရသောပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို အပြည့်အဝယုံကြည်ကြောင်းနှင့် မိမိတို့အတူလက်တွဲပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုတတ်စေရန် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုနည်းနှင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်