Skip to main content

KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာအနီး Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် စက်တင်ဘာ ၃

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများ ထိခိုက်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အဦးများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံတွင် ရောက်ရှိနေသော ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား စက်တင်ဘာလ ၂ ရက်နေ့တွင် Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည်အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန်အတွက် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာအား စက်တင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် Drone အသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဗုံးသီးသည် ကျိုက်မရောမြို့မှ ကြာအင်းဆိပ်ကြီးသွား ကားလမ်းပေါ်ရှိ ကော်ပနောလမ်းဆုံသို့ ရောက်ရှိနေသော ယာဉ်မောင်း ဦးလှရွှေ ၅၂ နှစ်၊ (ဘ) ကော်စမတ် မောင်းနှင်သည့် Super Custom အမျိုးအစား ယာဉ်အမှတ်၊ 9H /...... အဖြူရောင်ခရီးသည်တင် မော်တော်ယာဉ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများက ကျိုက်မရောမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။