Skip to main content

ကလိန်အောင်မြို့ မရမ်းချောင်းကျေးရွာအဝင် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး၌ အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်းနင်းမိပေါက်ကွဲပြီး ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ၊ အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

နေပြည်တော် စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ မရမ်းချောင်းကျေးရွာအဝင် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး၌ ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးမိဘများမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကလိန်အောင်မြို့ မရမ်းချောင်းကျေးရွာနေ ဦးကိုဦး၊ ဇနီးဖြစ်သူ မဇာခြည်မိုးနှင့် သားဖြစ်သူ အသက်နှစ်နှစ်အရွယ် မောင်မြင့်အောင်တို့ မိသားစုသုံးဦးသည် ကလိန်အောင်မြို့မှ ဈေးဝယ်၍ ပြန်လည်ထွက်ခွာလာစဉ် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မရမ်းချောင်းကျေးရွာ၏ တောင်ဘက်မီတာ ၈၀၀ ခန့်အကွာရှိ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး သို့အရောက်၌ အကြမ်းဖက်သမားများက အများပြည်သူအဓိကသွားလာလျက်ရှိသည့် ပြည်ထောင်စုလမ်းမကြီးအား သစ်ပင်သစ်ကိုင်းများဖြင့် ပိတ်ဆို့ထားသဖြင့် အဆိုပါလမ်းမကြီးဘေးဘက်မှ ရှောင်ကွင်းမောင်းနှင်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်းတစ်လုံးအား ဆိုင်ကယ်ဖြင့် နင်းမိပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် အသက်နှစ်နှစ်အရွယ်သားဖြစ်သူမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး မိဘများဖြစ်သည့်ဦးကိုဦးနှင့် မဇာခြည်မိုးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ရာ ၎င်းတို့အား လူမှုကူညီရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းများပိတ်ဆို့ခြင်းအပြင် ပြည်သူများ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်စေရန် မိုင်းများထောင်ခြင်း၊ ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ အများ ပြည်သူအသုံးပြုလျက်ရှိသည့် အရပ်ဘက်မော်တော်ယာဉ်များအား အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် လမ်းတံတားများပျက်စီး၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများမှာ သေဆုံး/ ဒဏ်ရာရမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် အဆိုပါ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်