Skip to main content

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေး၌ ပြည်တွင်းပြည်ပ သတင်းထောက် ၃၀၀၀ ခန့် သတင်းရယူတင်ဆက်လျက်ရှိ

တီယန်ကျင်း စက်တင်ဘာ ၁

တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ယနေ့ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး၌ နိုင်ငံတကာမီဒီယာများနှင့် တရုတ်နိုင်ငံအခြေစိုက် မီဒီယာသမားပေါင်း ၃၀၀၀ မှာ မီဒီယာစင်တာ၌တက်ရောက်၍ သတင်းရယူတင်ဆက်လျက်ရှိပြီး လွယ်ကူစွာသတင်းရယူတင်ဆက်နိုင်ရေးအတွက် တရုတ်နိုင်ငံအစိုးရက စီစဉ်ဆောင်ရွက်ပေးထားသည်။

အဆိုပါ မီဒီယာစင်တာ၌ သတင်းထောက်များ အချိန်နှင့်တစ်ပြေးညီ သတင်းတင်ဆက်နိုင်ရေးအတွက် ပြင်ဆင်ပေးထားပြီး တရုတ်နိုင်ငံ၏နည်းပညာများနှင့် ယဉ်ကျေးမှုလက်မှုပညာများကို လေ့လာခွင့်ရရှိရန် စီစဉ်ထားသည်။

မီဒီယာစင်တာ၌ နည်းပညာမြင့်စက်ရုပ်များကိုပါ ထည့်သွင်းဝန်ဆောင်မှုပေးထားပြီး Xiaohe အမည်ရှိ စက်ရုပ်အမျိုးသမီးက သတင်းထောက်များ၏ သိရှိလိုသည်များကို ရှင်းလင်းဝန်ဆောင်မှုပေးလျက်ရှိသည်။

ဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေ

စိတ်ဝင်စားစရာကောင်းသလို တရုတ်နိုင်ငံရဲ့ နည်းပညာကဏ္ဍ တိုးတက်မှုကိုလည်း တွေ့နိုင်ပါတယ်။ စက်ရုပ်အမျိုးသမီးက သတင်းထောက်တွေ သိလိုတဲ့အချက်အလက်တွေကို ပြောပြတယ်။ သူနဲ့ဆက်သွယ်ဖို့က သိပ်ကိုလွယ်ကူမှုရှိတယ်။ မီဒီယာစင်တာမှာ အခြားဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေလည်းရှိတယ်။ ရေခဲမုန့်ပြင်ဆင်ပေးတဲ့ စက်ရုပ်ရှိသလို၊ လက်အမူအရာကိုကြည့်ပြီး လိုက်ပါလှုပ်ရှားတဲ့စက်ရုပ်ကိုလည်း မြင်တွေ့ရတယ်။ အချို့စက်ရုပ်တွေက အထုပ်အပိုးတွေကို သယ်ယူမှုသရုပ်ပြပေးနေတယ်။ သတင်းထောက်တွေ လိုအပ်တဲ့အချိုရည်နဲ့ ရေဘူးတွေကိုတော့ စင်တာတစ်ခုလုံးကို လှည့်ပတ်သွားလာပြီး ဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်တွေဆီကနေ အလွယ်တကူယူလို့ရတယ်ဟု ဥရောပဒေသတွင်းမှ သတင်းထောက်တစ်ဦးကပြောကြားသည်။

အဆိုပါစင်တာ၌ တိုက်ရိုက်သတင်းတင်ဆက်မှုအတွက်အပြင် အဆင်များ၊ Multi Camera စနစ်များ၊ အလိုလျောက် သတင်းစာသား ရေးထိုးမှုစနစ်များနှင့် သတင်းထုတ်လွှင့်ရန်အတွက် စတူဒီယိုများစွာကို ဖန်တီးအားဖြည့်ထားသည်ကို မြင်တွေ့ရသည်။

ထို့ပြင် Augmented Reality (AR) နှင့် Virtual Reality (VR) ပြခန်းများကိုလည်း တင်ဆက်ပြသထားပြီး သတင်းထောက်များအတွက် နည်းပညာပံ့ပိုးမှုပေးအပ်သွားမည်ဖြစ်သည်။ မြန်နှုန်းမြင့် အင်တာနက်အား မီဒီယာစင်တာတစ်ခုလုံး လွှမ်းခြုံနိုင်စေရန် စီစဉ်ပေးထားသည့်အပြင် သတင်းထုတ်ပြန်ချက်များနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ကျင်းပသည့် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးပေါင်းများစွာကိုလည်း သတင်းရယူနိုင်ကြသည်။

သတင်းထောက်များအနေဖြင့် မီဒီယာစင်တာ၌ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုလက်ရာများကို လေ့လာနိုင်မည်ဖြစ်ပြီး ကိုယ်တိုင်ဝင်ရောက်စမ်းသပ်ပါဝင်နိုင်ကြောင်း သိရသည်။

ခင်ရတနာ