နေပြည်တော် စက်တင်ဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် One Stop Service ဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ ကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများက ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက် ကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးမိတ္တူလျှောက်ထားမှုများ စိစစ်ဆောင်ရွက်ပေးနေမှုနှင့် ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ ပဲခူးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနရုံး အဆောက်အအုံနေရာကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ပြီး ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ထားရှိမှု၊ တစ်ပိုင်တစ်နိုင်စိုက်ခင်းများ စိုက်ပျိုး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဧည့်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်း တိကျမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအတွင်း၌ ဝန်ထမ်းများက ဒေသခံပြည်သူ များကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီး သွားသူများ၊ နိုင်ငံသားကတ် မရှိသေးသူများအား ပန်းခင်းစီမံ ချက်အဆင့် (၃) ဖြင့် စိစစ်ဆောင် ရွက်ပေးနေမှု၊ နိုင်ငံသားကတ် ရရှိပြီးသူများအား e-ID စနစ် ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ထုတ်ပေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေး၍ မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လှည်းကူးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် အတည်ပြုလူဦးရေ စာရင်းတိကျမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်