နေပြည်တော် စက်တင်ဘာ ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ကာလအလွန် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများက ငလျင်ဒဏ်သင့်အဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှု၊ ထိခိုက်ပျက်စီးမှုမရှိသည့် အခန်းများ၌ ခရီးသည်များ လာရောက်တည်းခိုနေထိုင်နိုင်ရန် ဖွင့်လှစ်ထားရှိမှု၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆိုလာစနစ်တပ်ဆင် အသုံးပြုနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် ငလျင်ဒဏ်သင့်အဆောက်အအုံအခန်းများနှင့် ခန်းမများကို ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံရေးဆောင်ရွက်ရာတွင် စံချိန်စံညွှန်းအတိုင်း ပြန်လည်ပြုပြင်မွမ်းမံ ပြင်ဆင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်၊ အပြာရောင်အဆင့်ရှိ လူနေထိုင်နိုင်သည့် အခန်းများနှင့် ခန်းမများကို စနစ်တကျပြုပြင်မွမ်းမံ၍ ဧည့်သည်များ ပိုမိုလက်ခံနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ ဧည့်သည်လက်ခံလျက်ရှိသော အဆောက်အအုံနှင့် အခန်းများတွင် ဟိုတယ်အဆင့်အတန်းနှင့်အညီ ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး အစဉ်တစိုက်ကြိုးစားရန်၊ ဟိုတယ်များအနေဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များကို လာရောက်တည်းခိုသည့် ဧည့်သည်များသိရှိအောင် စီစဉ်ထားရှိရန်၊ ဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ သတ်မှတ်ထားရှိသည့် စံသတ်မှတ်ချက်များအတိုင်း ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်