နေပြည်တော် ဩဂုတ် ၃၁
နေပြည်တော်ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက ထရန်စဖော်မာများတွင် အသုံးပြုသည့် ကြေးကြိုး/ဒန်ကြိုးများနှင့်အတူ တွေ့ရှိသူ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
မသင်္ကာဖွယ်တွေ့ရှိ
ဖြစ်စဉ်မှာ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဒက္ခိဏသီရိရပ်ကွက် ရွှေနှင်းဆီ (၁) လမ်းရှိ “ဝင်းမဟာ” အဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှေ့တွင် ကုန်တင်ယာဉ်တစ်စီးရပ်တန့်ထားပြီး ပစ္စည်းများ တင်ဆောင်နေသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးရာ ဆိုင်ပိုင်ရှင်ဖြစ်သည့် အဆိုပါရပ်ကွက်နေ ကျော်လွင် (ခ) ဦးကျော် ၄၉ နှစ်၊ တစ်ရပ်ကွက်တည်း နေသူများဖြစ်ကြသည့် ဒေါ်ညွန့်ညွန့် ၅၁ နှစ်၊ အလုပ်သမားများဖြစ်သော ဖိုးချစ်သဲ (ခ) ချက်ကြီး ၂၂ နှစ်၊ မျိုးမင်းထက် (ခ) ဝတုတ် (၃၀) နှစ်၊ ရဲအောင် ၃၆ နှစ်၊ တင်လှိုင် ၄၀ နှစ်၊ မြစ်သားမြို့နယ် ကသဲကုန်းရွာနေ စိုင်းဘဦး (ခ) ရှမ်းလေး ၃၉ နှစ်နှင့် အောင်ချမ်းသာရွာနေ မျိုးဇော်ဝင်း ၂၅ နှစ် စုစုပေါင်းရှစ်ဦးတို့ကို လျှပ်စစ်မီးတိုင်များနှင့် ထရန်စဖော်မာများတွင် အသုံးပြုသည့် လျှပ်စစ်ကြေးကြိုး/ဒန်ကြိုး စုစုပေါင်းအလေးချိန် ၆၁၅ ပိဿာနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်လွင် (ခ) ဦးကျော်ပါ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဒက္ခိဏသီရိ မြို့မရဲစခန်း (ပ) ၄၆/၂၀၂၅ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်