Skip to main content

အခုကျင်းပတဲ့ဖိုရမ်က နိုင်ငံအတွက် အရေးပါတဲ့ဖိုရမ်တစ်ခုဖြစ်ပါတယ်၊ နိုင်ငံဖွံ့ဖြိုးဖို့ဆိုရင် ငြိမ်းချမ်းဖို့လိုပါတယ်၊ ငြိမ်းချမ်းဖို့ဆိုရင် စည်းလုံးညီညွတ်မှုရှိဖို့လိုတယ်၊ နိုင်ငံမငြိမ်းချမ်းရင် တိုင်းပြည်မတိုးတက်နိုင်ပါဘူး၊ အခုဖိုရမ်ကနေ လူငယ်တွေရဲ့ မဟာဗျူဟာကျကျ အတွေးအမြင်တွေရရှိမယ်လို့ မျှော်လင့်ပါတယ်

ဆလိုင်းဆိုင်မွန်လင်း (ရခိုင်ပြည်နယ်)

ယနေ့ကမ္ဘာကြီးကို တည်ငြိမ်အေးချမ်းသောကမ္ဘာကြီးအဖြစ် ပြန်လည်တည့်မတ်ရောက်ရှိနိုင်ရန် နိုင်ငံတိုင်းက နည်းလမ်းရှာဆောင်ရွက်လျက်ရှိကြရာ အနာဂတ်ကိုပိုင်စိုးမည့် လူငယ်ထု၏အခန်းကဏ္ဍ၊ လူငယ်တို့၏ စွမ်းပကားကို သတိမူမိလာကြပြီး လူငယ်များကို စနစ်တကျပျိုးထောင်၍ လူငယ်အခန်းကဏ္ဍကို အလေးထားဖော်ဆောင်လာကြသည်။

မြန်မာနိုင်ငံသည်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ လူငယ်တို့၏ အတွေးသစ်အမြင်သစ်၊ တီထွင်ဆန်းသစ်လိုစိတ်တို့ဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့လှမ်းချီနိုင်ရန် လူငယ်ဖိုရမ်များကို ကျင်းပပေးလျက်ရှိရာ ယနေ့တွင် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် (၂၀၂၅) ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပလျက်ရှိပြီး တက်ရောက်လာကြသော တာဝန်ရှိသူများ၊ တိုင်းရင်းသားလူငယ်များ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို စုစည်းဖော်ပြလိုက်ပါသည်-

မစုယွန်းရွှေရည်(ရှမ်းပြည်နယ်)

တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက လူငယ်တွေအားလုံးဟာ တစ်နေရာတည်းမှာ စုစည်းခွင့်ရတယ်။ ဒီလိုစုစည်းခွင့်ရတဲ့ အချိန်မှာအားလုံးအတွက် အသိပညာဗဟုသုတတွေ၊ အတွေ့အကြုံတွေ အများကြီးရအောင် စီမံပေးထားတာ တွေ့ရပါတယ်။ လူငယ် တစ်ယောက်အနေနဲ့ တိုင်းရင်းသားသူငယ်ချင်း၊ မောင်နှမအားလုံးနဲ့ တွေ့ဆုံခင်မင်ခွင့်ရတာ၊ အသိပညာတွေဖလှယ်ခွင့်ရတာ၊ ပြည်ပပညာရှင်တွေရဲ့ မျှဝေမှုတွေ နားထောင်ရတွေက တန်ဖိုးရှိတဲ့ အတွေ့အကြုံပါ။ နောက်ထပ်ဒီလိုဖိုရမ်မျိုးတွေကို ထပ်မံပြုလုပ်ပေးစေချင်ပါတယ်။ ဖိုရမ်မှာ လူငယ်အားလုံးက တက်တက်ကြွကြွပါဝင်ကြပါတယ်။ အစီအစဉ်အားလုံးကို စေ့စေ့စပ်စပ်စီစဉ်ပေးထားတာမို့ တာဝန်ရှိသူတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်။ ဖိုရမ်မှာဆွေးနွေးတာတွေ လူငယ်တွေအသိပညာတွေရှိဖို့ အဓိကထားပါတယ်။ မှန်ကန်တဲ့ အသိပညာရှိမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မယ်၊ စိန်ခေါ်မှုတွေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မယ်ဆိုတဲ့ အသိပညာတွေ ရရှိပါတယ်။

မောင်လွှမ်းနိုင်အောင် (မန္တလေးတိုင်းဒေသကြီး)

ဒီဖိုရမ်ကို ရောက်တဲ့အချိန်မှာ အားလုံးတွေ့ဆုံခွင့်ရတဲ့ ခံစားချက်က အင်မတန်အားရကျေနပ်တဲ့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ နိုင်ငံတကာက ပညာရှင်တွေ ကိုယ်တိုင်လူငယ်တွေနဲ့ လက်တွေ့ကျကျ အတူတကွပါဝင်ဆွေးနွေးကြတာကြောင့် ကျွန်တော်တို့ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့၊ တန်ဖိုးဖြတ်လို့မရတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။ အခုလို ဖိုရမ်မျိုးနှစ်စဉ်ဆောင်ရွက်ပေးရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက လူငယ်တွေဟာ အမြဲတွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်ရမှာ ဖြစ်သလိုယုံကြည်နားလည် မှုတွေလည်းတိုးလာမှာဖြစ်ပါတယ်။

မသံယောဇဉ်မိုး (မွန်ပြည်နယ်)

 ဒီဖိုရမ်တက်ဖို့ MCC ကို ရောက်လာတာနဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေက တိုင်းရင်းသားမောင်နှမတွေရဲ့ မတူကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေကို မြင်တွေ့ခွင့်ရတယ်။ ဒီလိုလူငယ်ဖိုရမ်က လူငယ်တွေကို အခွင့်အလမ်းပေးတယ်။ လက်တွဲခေါ်တယ်။ နိုင်ငံရဲ့ အနာဂတ်အတွက် လူငယ်တွေရဲ့ အသံကို နားထောင်တယ်။ နေရာပေးတယ်လို့ မြင်ပါတယ်။ ဒေသအသီးသီးကလာကြတယ်။ အတွေးအခေါ်တွေ မတူကြဘူး။ အသိပညာတွေ ဖလှယ်ခွင့်ရတယ်။ ကျွန်မတို့ ပြည်နယ်ကိုပြန်တဲ့အခါ ရရှိလာတဲ့ အတွေးအမြင်တွေကို မျှဝေပေးခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ စိန်ခေါ်မှုတွေနဲ့အတူ အခွင့်အလမ်းတွေကို သိမြင်နားလည်နိုင်လာတယ်။ ဒီလိုနိုင်ငံတော်အဆင့်ဖိုရမ်မှာ လူငယ်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်ပေးတဲ့အတွက် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

ဆလိုင်းဆိုင်မွန်လင်း (ရခိုင်ပြည်နယ်)

ဖိုရမ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်တွေလာရောက်ကြတယ်။ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ အတွေးအမြင်တွေကိုကြားသိရတယ်။ အတွေးအမြင်တွေ ဖလှယ်ခွင့်ရရှိတဲ့အတွက် နိုင်ငံအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ဖန်တီးဖို့ အခွင့်အရေးရလာပြီလို့ ပြောရမှာပါ။ အခုဆိုရင် မြန်မာနိုင်ငံတစ်ဝန်းကလူငယ်တွေ တွေ့ဆုံနေကြပြီ။ အပြန်အလှန်ဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် အခုကျင်းပတဲ့ဖိုရမ်က နိုင်ငံအတွက် အရေးပါတဲ့ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးဖို့ဆိုရင် ငြိမ်းချမ်းဖို့လိုပါတယ်။ ငြိမ်းချမ်းဖို့ဆိုရင် စည်းလုံးညီညွတ်မှုရှိဖို့လိုတယ်။ နိုင်ငံမငြိမ်းချမ်းရင် တိုင်းပြည် မတိုးတက်နိုင်ပါဘူး။ အခုဖိုရမ်ကနေ လူငယ်တွေရဲ့ မဟာဗျူဟာကျကျ အတွေးအမြင်တွေရရှိမယ်လို့ မျှော်လင့်ပါတယ်။

ဦးဇော်လွင်ဦး ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီ

ဖိုရမ်ကို တိုင်းပြည်နဲ့လူမျိုးအတွက် လူငယ်တွေတိုးတက်ဖို့ ပြုစုပျိုးထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်။ လူငယ်တွေဆိုတာ အရာရာကို တတ်သိချင်စိတ်၊ စူးစမ်းလေ့လာလိုစိတ်တွေရှိပြီး ပတ်ဝန်းကျင်မှာ မြင်တွေ့တာ၊ လေ့လာသိရှိတာတွေကို မှတ်သားအတုယူတတ်ကြပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ ဗဟုသုတတွေကို ဖန်တီးပေးရမှာက ကျွန်တော်တို့လူကြီးတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဖိုရမ်မှာ လာရောက်ဆွေးနွေးကြတဲ့ ပြည်ပပညာရှင်တွေက မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတွေကို လေ့လာသုတေသနပြုချက်တွေနဲ့ လူငယ်တွေမသိမမြင်နိုင်တဲ့ အချက်တွေကို ဆွေးနွေးချပြတာဖြစ်တဲ့အတွက် ဗဟုသုတတွေရမယ်။ ဟောပြောဆွေးနွေးပြီးတဲ့အခါ လူငယ်တွေက သိချင်တဲ့ မေးခွန်းတွေမေးကြတာကို တွေ့ရတယ်။ တိုးတက်လိုစိတ်၊ သိလိုစိတ်တွေနဲ့ စိတ်ဝင်စားကြတာကို တွေ့ရတယ်။ လူငယ်တွေအတွက်၊ နိုင်ငံအတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ ဒီဖိုရမ်က လက်တွေ့ပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်တွေရော၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတဲ့ လူငယ်တွေရော သိရှိနားလည်ခွင့်ရအောင် တယ်လီဂရမ်ကနေ တိုက်ရိုက် Live ထုတ်လွှင့်ပေးနေပါတယ်။ လေ့လာနိုင်ရင် အတော်အကျိုးရှိပါတယ်။ ကျွန်တော်တို့လေ့လာရမှာ တွေရှိသလို လူငယ်တွေလည်း သိနားလည်သင့်တဲ့အကြောင်း အရာတွေဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ပြန်လည်ရောက်ရှိတဲ့အခါ အသိပညာတွေကို ပြန်လည်မျှဝေပေးကြမှာပါ။ ဖိုရမ်ကရရှိလာတဲ့ အတွေးအမြင်တွေကို လက်ဆင့်ကမ်းမျှဝေကြမှာကြောင့် တစ်နိုင်ငံလုံးအတွက် အကျိုးရှိတယ်၊ မှန်ကန်တဲ့ပထဝီနိုင်ငံရေး၊ စီးပွားရေးတွေကို သိရှိနားလည်မှ ရေရှည်ရပ်တည်နိုင်ပြီး အမှားအယွင်းအနည်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကို အချိန်တိုအတွင်း လျှောက်လှမ်းနိုင်မှာဖြစ်လို့ နိုင်ငံအတွက်အရေးကြီးသလို လူငယ်တွေအတွက်လည်း အရေးကြီးပါတယ်။ နိုင်ငံကောင်းဖို့အတွက် ဘက်ပေါင်းစုံက ဆောင်ရွက်နေတဲ့ အချိန်မှာ လူငယ်တွေက သူတို့ ရင်ထဲက ခံစားချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ဒီဖိုရမ်မှာ ပါဝင်ဆွေးနွေးကြတယ်၊ ရလာတဲ့ ဆွေးနွေးအကြံပြုချက်တွေကို ကြေညာစာတမ်း ထွက်လာမှာဖြစ်တာကြောင့် ရေရှည်အောင်မြင်ဖို့အတွက် အင်မတန်အကျိုးရှိတဲ့ ဖိုရမ်ဖြစ်ပါတယ်။

သတင်းစဉ် (သတင်းအဖွဲ့)

ဓာတ်ပုံ-ကျော်သီဟ