Skip to main content

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေး ဩဂုတ် ၃၁

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အမှတ်ပေးဒိုင်များ၊ ပြိုင်ပွဲဝင်များ၊ ဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကလပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်းရေးမှူးတို့က အမျိုးသား Fitness Physique Open ပြိုင်ပွဲတွင် သရုပ်ပြတင်ဆက်ခဲ့သူအား ဂုဏ်ပြုငွေကိုလည်းကောင်း၊ အမျိုးသား Sport Physique Up to 170 cm ပြိုင်ပွဲ၊ အမျိုးသား Sport Physique Over 170 cm ပြိုင်ပွဲ၊ အမျိုးသား Athletic Physique Up to 170 cm ပြိုင်ပွဲ၊ အမျိုးသား Athletic Physique Over 170 cm ပြိုင်ပွဲနှင့် အသက် ၂၁ နှစ်အောက် ကာယဗလမောင်ပြိုင်ပွဲတို့တွင် တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများက ၅၅ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ၇၀ ကီလိုတန်းနှင့် ၇၅ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတို့တွင် တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက အမျိုးသမီး Model Physique Up to 160 cm ပြိုင်ပွဲ၊ အမျိုးသမီး Model Physique Over 160 cm ပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique Open ပြိုင်ပွဲတို့တွင် တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများကိုလည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက အမျိုးသမီး Fitness Physique Open ပြိုင်ပွဲတွင် တတိယဆု၊ ဒုတိယဆုနှင့် ပထမဆု ရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၇၅ ကီလိုအထက် ကာယဗလမောင်ပြိုင်ပွဲတွင် တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသူများကိုလည်းကောင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်