Skip to main content

ဒီဖိုရမ်ကနေတစ်ဆင့် လူငယ်တွေ သိရှိတဲ့အသိပညာတွေကို ဒီနေရာမှာတင်ရပ်တန့်မနေဘဲ လူငယ်တိုင်းဆီရောက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ ခံစားမိပါတယ်။ လူငယ်တွေရဲ့အားနဲ့ နိုင်ငံအတွက်လိုအပ်နေတဲ့ နေရာတွေမှာ ပါဝင်နိုင်ကြဖို့ လက်ဆင့်ကမ်းအသိပေးတဲ့ ဖိုရမ်တစ်ခုပါ

မခင်လပြည့်ဝန်း(မန္တလေးတိုင်းဒေသကြီး)

ယနေ့ကမ္ဘာကြီးသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိပြီး ပြောင်းလဲမှုများသည် ကမ္ဘာ့နိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပါအဝင် ကဏ္ဍအသီးသီးအပေါ် ရိုက်ခတ်လျက်ရှိသည်။

တည်ငြိမ်အေးချမ်းသော ကမ္ဘာကြီးအဖြစ်သို့ ပြန်လည်တည့်မတ် ရောက်ရှိနိုင်ရန် နိုင်ငံတိုင်းက နည်းလမ်းရှာဆောင်ရွက်လျက်ရှိကြရာ အနာဂတ်ကိုပိုင်စိုးမည့် လူငယ်ထု၏ အခန်းကဏ္ဍ၊ လူငယ်တို့၏ စွမ်းပကားကို သတိမူမိလာကြပြီး လူငယ်များကို စနစ်တကျပျိုးထောင်၍ လူငယ်တို့၏ အခန်းကဏ္ဍကို အလေးထားဖော်ဆောင်လာကြသည်။ မြန်မာနိုင်ငံသည်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ လူငယ်တို့၏ အတွေးသစ်အမြင်သစ်၊ တီထွင်ဆန်းသစ်လိုစိတ်တို့ဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လှမ်းချီနိုင်ရန် လူငယ်ဖိုရမ်များကို ကျင်းပပေးလျက်ရှိသည်။

ယနေ့တွင် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပလျက်ရှိရာ တက်ရောက်လာကြသော တာဝန်ရှိသူများ၊ တိုင်းရင်းသားလူငယ်များ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို စုစည်းဖော်ပြလိုက်ပါသည်-

မရွှေဇင်ပြည့်ဖြိုး (ရခိုင်ပြည်နယ်)

ကျွန်မက အခုဖိုရမ်ကို ရခိုင်ပြည်နယ်ကိုယ်စားပြု တက်ရောက်တာဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ဖိုရမ်ဟာ တိုင်းရင်းသားတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ပေါ်စေပြီး စည်းလုံးညီညွတ်မှုကို ပိုမိုရရှိစေတယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒီဖိုရမ်က နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိအောင် အထောက်အပံ့ဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့လူငယ်တွေဟာ ဖိုရမ်ကရရှိလာတဲ့ အတွေးအမြင်တွေ၊ အသိပညာတွေကို လက်တွေ့အသုံးချပြီးတော့ ကိုယ့်ဒေသကောင်းကျိုး၊ ကိုယ့်နိုင်ငံကောင်းကျိုးကို ဖော်ဆောင်သွားနိုင်မယ်။ ဒီလိုမျိုးလူငယ်တစ်ဦးဖြစ်စေဖို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်။

မောင်သန့်ဖြူစင် (ရှမ်းပြည်နယ်)

ဒီဖိုရမ်က ကျွန်တော်တို့ လူငယ်တွေရဲ့ အခန်းကဏ္ဍကိုတစ်ဆင့် မြှင့်တင်ပေးတယ်လို့ ထင်မြင်ပါတယ်။ ပြီးတော့ ပြည်ပပညာရှင်တွေက အသိပညာဗဟုသုတတွေမျှဝေပေးပါတယ်။ မျှဝေပေးတဲ့ အသိပညာတွေက ကျွန်တော်တို့လူငယ်တွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး တွေးခေါ်မြော်မြင်လုပ်ဆောင်နိုင်အောင် အဓိကထားတာကို တွေ့ရပါတယ်။ ဒီလိုနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်တဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် အတွေးအမြင်သစ်တွေရရှိအောင် ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဖိုရမ်တက်ရောက်တဲ့အခါမှာ အစစအရာရာ အဆင်ပြေချောမွေ့အောင်၊ အခက်အခဲမရှိအောင် ဝိုင်းဝန်းစီမံပေးထားတဲ့အပေါ်မှာလည်း အင်မတန်ကျေးဇူးတင်ဝမ်းသာပီတိဖြစ်ရပါတယ်။

မခင်လပြည့်ဝန်း (မန္တလေးတိုင်းဒေသကြီး)

ဖိုရမ်မှာ ဒေသအစုံက တိုင်းရင်းသား လူငယ်တွေကို တွေ့မြင်ရတော့ ရင်ထဲမှာ ငါတို့ မြန်မာနိုင်ငံဟာ ချစ်စရာကောင်းတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်း ထားပါလားလို့ အရင်ဆုံးခံစားရပါတယ်။ ပြီးတော့ လူငယ်တွေအတူ တူလက်တွဲပူးပေါင်းဆွေးနွေးမှုကနေ ချစ်ကြည်ရင်းနှီးမှုရရှိစေပါတယ်။ အားလုံးက ဖိုရမ်ရောက်မှ တွေ့ဆုံကြတာဖြစ်ပေမယ့် ချစ်ခင်ကြင်နာကြတယ်။ ဖိုရမ်ရဲ့ဆွေးနွေးမှုတွေကနေ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာ၊ ပထဝီနိုင်ငံရေးနဲ့ ဗဟုဝင်ရိုးမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်သွားရမယ်ဆိုတဲ့ အတွေးသစ်၊ အမြင်သစ်တွေကိုလည်း ရရှိစေပါတယ်။ ဒီဖိုရမ်ကနေတစ်ဆင့်လူငယ်တွေ သိရှိတဲ့အသိပညာတွေကို ဒီနေရာမှာတင် ရပ်တန့်မနေဘဲ လူငယ်တိုင်းဆီရောက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ ခံစားမိပါတယ်။ လူငယ်တွေရဲ့အားနဲ့ နိုင်ငံအတွက် လိုအပ်နေတဲ့ နေရာတွေမှာ ပါဝင်နိုင်ကြဖို့ လက်ဆင့်ကမ်းအသိပေးတဲ့ ဖိုရမ်တစ်ခုပါ။

ကိုကောင်းမြတ်သူ (မွန်ပြည်နယ်)

နိုင်ငံကို ငြိမ်းချမ်းဖို့၊ သာယာဖို့၊ တည်ငြိမ်ဖို့ ဖန်တီးနိုင်မယ့် အတွေးအမြင်တွေ ပါဝင်ဆွေးနွေးနိုင်ဖို့ တက်ရောက်ခြင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်က လူငယ်ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံခွင့်ရတယ်။ မတူကွဲပြားတဲ့အမြင်တွေကို ဖလှယ်ခွင့်၊ သိရှိနားလည်ခွင့်ရတယ်။ အနာဂတ်နိုင်ငံတော်ကို ပိုမိုကောင်းမွန်အောင် လက်တွဲလုပ်ဆောင်ဖို့ ဗဟုသုတတွေရရှိလာတယ်။ နိုင်ငံတော်အနေနဲ့ လူငယ်တွေကိုအားထားပြီး ဒီလိုဖိုရမ်တွေ ဆောင်ရွက်ပေးတဲ့အတွက် ကောင်းမွန်ပါတယ်။ လူငယ်တွေရဲ့ စွမ်းရည်နဲ့အားကို အလေးအနက်ထားတယ်၊ လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတယ်လို့ နားလည်သဘောပေါက်မိပါတယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို မြှင့်တင်ပေးတာဖြစ်ပြီး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ဒီလိုဖိုရမ်တွေက ပျိုးထောင်ပေးနိုင်ပါတယ်။ ဒီဖိုရမ်က ရရှိလာတဲ့ အတွေးအမြင်တွေနဲ့ ကောင်းမြတ်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးဌေးလင်း တွဲဖက်သဘာပတိ၊ မြန်မာ့အနာဂတ်မျက်နှာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅

တက်ရောက်လာတဲ့ လူငယ်အဖွဲ့ကို အဖွဲ့ငါးဖွဲ့ခွဲပြီး တစ်ဖွဲ့စီမှာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က သဘာပတိတစ်ယောက်၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက တွဲဖက်သဘာပတိတစ်ယောက်ပါဝင်ပြီး လူငယ်တွေ လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်အောင် ဆောင်ရွက်ပေးတယ်။ ကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ မတွေးမိတဲ့ ရှုထောင့်တွေ၊ သဘောတရားတွေကို လူငယ်တွေဆီက လေ့လာခွင့်ရတယ်။ ပြည်ပပညာရှင်တွေက ပထဝီနိုင်ငံရေး၊ စီးပွားရေးစတဲ့ အကြောင်းအရာတွေ ဟောပြောဆွေးနွေးချက်ပေါ်မှာ မူတည်ပြီး လူငယ်တွေက သူတို့ရဲ့မတူညီတဲ့ ဒေသအသီးသီးက အခြေအနေပေါ်မှာ ရှုမြင်ပေါင်းစပ်ပြီး ဘယ်လိုကုစားမလဲဆိုတဲ့ တွေးခေါ်နိုင်စွမ်းတွေ ရလာတယ်။ မြန်မာနိုင်ငံတစ်ဝန်းက လာရောက်ကြတာဖြစ်တဲ့အတွက် ဒီဖိုရမ်ကနေ မိတ်ဆွေတွေဖြစ်ပြီး ပေါင်းစည်းလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေရလာမယ်၊ မကြာခင်မှာ ရွေးကောက်ပွဲကျင်းပတော့မယ်၊ နိုင်ငံအတွက် အစိုးရသစ်တစ်ရပ်ထွက်ပေါ်လာမယ်၊ ဒီဖိုရမ်ကထွက်ပေါ်လာမယ့် နေပြည်တော်​ကောင်စီနယ်​မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့က လူငယ်တွေရဲ့အတွေးအခေါ် အကြံ ဉာဏ်တွေက အထောက်အပံ့ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ 

တွေ့ဆုံမေးမြန်း - သတင်းအဖွဲ့

ဓာတ်ပုံ - ကျော်သီဟ