ရန်ကုန် ဩဂုတ် ၃၁
“လူငယ်စွမ်းအားပြည့်အင်အားဖြင့် ရှေ့သို့လှမ်းချီမြန်မာပြည်” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဆက်လက်ကျင်းပသည်။
ဦးစွာ တိုင်းရင်းသားလူငယ်များက ကချင်ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကျောင်းသား ကျောင်းသူများက “လန်းဆန်းနိုးထ ဉာဏ်စမ်းအစီအစဉ်” အဖြစ် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးဆိုင်ရာ Energizer Quiz များကို ပါဝင် ဖြေကြားကြသည်။
ထို့နောက် ဆွစ်ဇာလန်နိုင်ငံ (SUPDI) မှ တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini က “ပြောင်းလဲနေသော ကမ္ဘာနှင့် မြန်မာ - ပထဝီစီးပွားရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ပထဝီစီးပွားရေးအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အချုပ်အာဏာပိုင်နိုင်ငံများအတွက် ပထဝီစီးပွားရေး၏ အရေးပါပုံနှင့် နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုများ၊ ပထဝီစီးပွားရေးကို ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်ကြည့်ခြင်း၊ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးတို့ ဆက်နွှယ်တည်ရှိနေမှု၊ အစိုးရများအနေဖြင့် ပထဝီစီးပွားရေးဆိုင်ရာ အကျိုးရလဒ်များအတွက် ကုန်သွယ်ရေးမူဝါဒများချမှတ်ဆောင်ရွက်ခြင်း၊ အချို့သောအခြေအနေတွင် နိုင်ငံရေးထက် စီးပွားရေးကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်ခြင်း၊ ဘေးကင်းလုံခြုံသော နိုင်ငံ့စီးပွားရေးစနစ်များ ဖော်ဆောင်ခြင်း၊ အကျိုးစီးပွားအတွက် နိုင်ငံရေးရာ Superpower များ တည်ဆောက်ခြင်းနှင့် Superpower များကို ဟန်ချက်ညီအောင်ထိန်းညှိခြင်း၊ အကျိုးတူမိတ်ဖက်နိုင်ငံများစုဖွဲ့ခြင်း၊ ကမ္ဘာ့စီးပွားရေးလမ်းကြောင်းပေါ်မှ ဒေါ်လာငွေကြေးဈေးကွက်၊ အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံရေးအရ အားသာမှုကို အသုံးပြု၍ ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးထားနိုင်ရန် ကြိုးပမ်းမှုများ၊ အစိုးရများအနေဖြင့် ကာလတို၊ ကာလလတ်၊ ကာလရှည် စီးပွားရေးလမ်းပြမြေပုံများ ရေးဆွဲခြင်းနှင့် အနာဂတ်နိုင်ငံ့စီးပွားရေးအတွက် အစီအမံများ ကြိုတင်ချမှတ်ဆောင်ရွက်ခြင်း စသည့်အကြောင်းအရာများကို သုံးသပ်ဆွေးနွေးသည်။
ဆွေးနွေးသုံးသပ်ချက်များနှင့် စပ်လျဉ်း၍ လူငယ်ကျောင်းသား ကျောင်းသူများက အာရှဒေသတွင် တွေ့မြင်လာနိုင်သည့် နိုင်ငံရေးသီအိုရီများ၊ နိုင်ငံတစ်နိုင်ငံ၌ စီးပွားရေးတည်ငြိမ်မှုရှိစေရန်နှင့် ငွေကြေးစနစ်ခိုင်မာအားကောင်းစေရန် ထိန်းချုပ်ဆောင်ရွက်သင့်သည့် အချက်များ၊ တစ်ကမ္ဘာလုံးရင်ဆိုင်တွေ့ကြုံရနိုင်သည့် ပထဝီစီးပွားရေးစိန်ခေါ်မှု၊ Digital Currency နှင့် ပတ်သက်ပြီး စဉ်းစားဆောင်ရွက်သင့်သည့် အချက်များ၊ ပထဝီစီးပွားရေးအရ တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်အခြေအနေ၊ ငွေကြေးဖောင်းပွမှုကို Crypto currency က ဖြေရှင်းပေးနိုင်မည့်အလားအလာ၊ ပထဝီစီးပွားရေးအရ AI နှင့် Digital Currency တို့၏ ပုံဖော်ပေးနိုင်မှု၊ ပြောင်းလဲလာသည့် ကမ္ဘာကြီးတွင် မြန်မာလူငယ်များအနေဖြင့် ရင်ဆိုင်တွေ့ကြုံနိုင်သည့် စိန်ခေါ်မှုများ၊ အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒနှင့် မြန်မာနိုင်ငံ၏ ပထဝီစီးပွားရေးဆိုင်ရာ မျှော်မှန်းချက် စသည့်အကြောင်းအရာများကို မေးခွန်းများ မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် Mr. Lorenzo Maria Pacini က “မြန်မာ၊ စီးပွားရေးနှင့် ဗဟုဝင်ရိုးကမ္ဘာ” ခေါင်းစဉ် ဖြင့်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း၌ ပထဝီစီးပွားရေးအရ မဟာဗျူဟာမြောက်တည်ရှိနေမှု၊ ကုန်သွယ်မှုလမ်းကြောင်းများနှင့် ဈေးကွက်အခြေအနေ၊ စီးပွားရေးရာမူဝါဒများနှင့် အခွန်စနစ်၊ အိမ်နီးချင်းနိုင်ငံများ၏ ပထဝီစီးပွားရေးအရ တည်ရှိနေမှုအပေါ် လေ့လာသုံးသပ်ခြင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအရ လွတ်လပ်စွာ ရပ်တည်နိုင်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံရေး၊ စီးပွားရေးအရ အားသာချက်နှင့် အကျိုးရလဒ်များရရှိစေရန် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒနှင့် ဈေးကွက်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းခြင်း၊ မဟာမိတ်နိုင်ငံများနှင့် အကျိုးတူမူဝါဒများထားရှိခြင်း၊ နိုင်ငံရေး၊ စီးပွားရေးအရ အမြတ်ထုတ်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် လုံခြုံအေးချမ်းမှုရှိသော ဝန်းကျင်ကောင်းဖန်တီးခြင်း စသည့်အကြောင်းအရာများကို သုံးသပ်ဆွေးနွေးသည်။
ဆွေးနွေးသုံးသပ်ချက်များနှင့် စပ်လျဉ်း၍ လူငယ်ကျောင်းသား ကျောင်းသူများက တရုတ်နိုင်ငံ၏ စီးပွားရေးရာမူဝါဒများ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရရှိလာနိုင်မည့် အကျိုးရလဒ်များ၊ လုပ်ပိုင်ခွင့်အခွင့်အာဏာကို နိုင်ငံအခြေအနေနှင့် ကိုက်ညီစေရန်စီမံခန့်ခွဲခြင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏ စီးပွားရေးရာမူဝါဒအရ မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်သည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် စီးပွားရေးရာမူဝါဒများ ချမှတ်ရာတွင် လိုအပ်ချက်များ စသည့်အကြောင်းအရာများကို မေးခွန်းများ မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ ပြောင်းလဲနေသော ကမ္ဘာ့အစီအစဉ်တွင် မြန်မာနိုင်ငံ၏ ပထဝီစီးပွားရေးအခန်းကဏ္ဍအပေါ် လူငယ်များအမြင်၊ လူငယ်များအတွက် ဒေသဆိုင်ရာချိတ်ဆက်မှုနှင့် ကုန်သွယ်မှုအခွင့်အလမ်းများ၊ ဗဟုဝင်ရိုးစီးပွားရေးအတွက် ဆန်းသစ်မှုနှင့် အရည်အချင်းများ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဟန်ချက်ညီစေခြင်း၊ စီးပွားရေးတွင် အားလုံးပါဝင်နိုင်ရေး လူငယ်အခြေပြုဖြေရှင်းနည်းလမ်းများ စသည့်ခေါင်းစဉ်များကို အဖွဲ့များခွဲ၍ ဆွေးနွေးကြသည်။
ထို့နောက် အဖွဲ့များမှ လူငယ်ကိုယ်စားလှယ်တစ်ဦးစီက ခေါင်းစဉ်အလိုက် ဆွေးနွေးသုံးသပ်ချက်များကို ပြန်လည်စုစည်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လူငယ်အဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးဇော်ဦးက အနှစ်ချုပ်သုံးသပ်တင်ပြပြီး တိုင်းရင်းသားလူငယ်များက ရခိုင်တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကြကာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်