Skip to main content

မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးသွားမည်

နေပြည်တော် ဩဂုတ် ၃၁

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲကို ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ Tangla Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးပြောကြား

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဘက်စုံလွှမ်းခြုံသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Myanmar-China Com-prehensive Strategic Cooperative Partnership)ကို နှစ်နိုင်ငံအကြား စတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများကို နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏတို့သည် သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက်အဆင့် ၂ နေရာတွင်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဇူလိုင်လအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြားကုန်သွယ်မှုခိုင်မာအားကောင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ဆန်၊ ပဲမျိုးစုံနှင့် နှမ်း စသည့်စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံအချောထည်ထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တန်ဖိုးမြင့်သစ်အခြေခံထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်များကို ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း။

မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသောကဏ္ဍမှ ပါဝင်နေကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနေခြင်းကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်စေရန် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း။

ယခုအခါ မြန်မာ-တရုတ် နယ်စပ်ဒေသမတည်ငြိမ်မှုများကြောင့် ယူနန်စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ အရှေ့မြောက်ဒေသမှတစ်ဆင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူးတံတား (Landbridge) အနေဖြင့် အသုံးပြုပြီး အာဆီယံနိုင်ငံများကိုလည်း စီးပွားရေးဆိုင်ရာကုန်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွာအလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ်မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သည့် မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ဆောက်လုပ်လျက်ရှိသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်ကြောင်း၊ မူဆယ်မြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါဆုံးသော နယ်စပ်ဂိတ်တည်ရှိရာမြို့ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာသန်း ၃၂၀၀ ကျော်ရှိသည့်အနက် သန်း ၂၀၀၀ ကျော်သည် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်မှ ကုန်စည်စီးဆင်းမှုဖြင့် ရရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါမီးရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံမှတစ်ဆင့် ပင်လယ်ထွက်ပေါက်ရရှိစေနိုင်သော အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး ရထားလမ်းသည် ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းကောင်းများဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေသည့်အတွက် ကုန်သွယ်မှုများပြုလုပ်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံစည်းရာနေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျတည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာကောင်းများရှိသည်ကို အသိပေးပြောကြားလိုကြောင်း။

ထို့ပြင် အဆိုပါမီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင်မည်ဆိုပါက မိမိတို့နှင့် ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း နှစ်နိုင်ငံလုံးနှင့်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့ အလယ်တွင် တည်ရှိလျက်ရှိရာ မြန်မာ-တရုတ်-ရုရှား သုံးနိုင်ငံပူးပေါင်းပြီး ကုန်သွယ်ရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုလည်း များစွာအထောက်အကူပြုနိုင်သည့် အခွင့်အလမ်းကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Com-prehensive Economic Partnership-RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ် (ACFTA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံများကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ခိုင်ခိုင်မာမာတိုးမြှင့်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း။

တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)မှာ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ပထမအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြား ပိုးလမ်းမကြီးစီးပွားရေးရပ်ဝန်းနှင့် (၂၁) ရာစု ရေကြောင်းပိုးလမ်းမကြီး ကနဦးအစီအစဉ် မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် အဆိုပါစီမံကိန်းတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင် ကုန်းလမ်းနှင့် ရေကြောင်းလမ်းနှစ်သွယ်ဖြင့် ပိုးလမ်းမစီမံကိန်းဆိုပြီး မဏ္ဍိုင်နှစ်ရပ်ပါရှိပြီး ပထမမဏ္ဍိုင်တွင် တရုတ်နှင့် ဥရောပနိုင်ငံများ စီးပွားရေးချိတ်ဆက်မှု ပိုးလမ်းမသစ် (Silk Road Econo-mic Belt) နှင့် ဒုတိယမဏ္ဍိုင်တွင် အရှေ့တောင်အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံတို့နှင့် ရေကြောင်းဆိုင်ရာဆက်သွယ်မှု ပိုးလမ်းမ (Maritime Silk Road) ဆိုပြီး သတ်မှတ်ထားရှိကြောင်း။

အဆိုပါစီမံကိန်းမှာ အပြည်ပြည်ဆိုင်ရာစင်္ကြံ ၆ ခုပါရှိပြီး မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း ၂ မျိုးလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ(BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း။

အဆိုပါစီမံကိန်း ၆ ခုမှာ မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းလည်း အပါအဝင်ဖြစ်ပြီး မိမိတို့အနေဖြင့် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမီးရထားလမ်းစီမံကိန်းသည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သည့်အပြင် BRI စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အကူပြုနေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံလုံးအတွက် များစွာအထောက်အကူပြုသည့် စီမံကိန်းဖြစ်သည့်အတွက် အဆိုပါစီမံကိန်းကို အမြန်ဆုံးပြီးမြောက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။

တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Global Development Initiatives-GDI) တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန် လွယ်ကူချောမွေ့စေရန်ရည်ရွယ်ပြီး ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကို သိသာစွာပံ့ပိုးပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက်မှုအခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက်၊ ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းလိုက်ပါက နှစ်နိုင်ငံအတွက် သိသာသည့် ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံတို့ကဲ့သို့သော စီးပွားရေးဈေးကွက်ကြီးမားသည့် နိုင်ငံများနှင့်လည်း နီးကပ်စွာ မဟာဗျူဟာအချက်အချာကျကျ တည်ရှိနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအားလုံး၊ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိကြောင်း။

မိမိအနေဖြင့် ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြားများစွာ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးပြောကြား

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအား သိရှိလိုမှု၊ မြန်မာနိုင်ငံ၌ EV ကားများ တပ်ဆင်ထုတ်လုပ်နေမှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်လိုမှုနှင့် အခွန်နှုန်းထားများအား သိရှိလိုမှု၊ နေရောင်ခြည်စွမ်း အင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် စွန့်ပစ်အမှိုက်များအသုံးပြု၍ စွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများအဆင့် မြှင့်တင်နိုင်ရေးနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍ မြှင့်တင်နိုင်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လိုမှု၊ သယံဇာတများ ထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဆောင်ရွက်လိုမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် မြန်မာနိုင်ငံအစိုးရမှ ဖြေရှင်းပေးနိုင်မည့် အခြေအနေများ၊ ကုမ္ပဏီများအလိုက်မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအား သိရှိလိုမှု၊ နှစ်နိုင်ငံစီးပွားဆက်သွယ်မှုလမ်းကြောင်းများအား ယခုထက် ပိုမိုပွင့်လန်းလာစေရေး ဆောင်ရွက်နိုင်ရန်လိုအပ်မှု၊ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်မှု၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးနိုင်မည့် အခြေအနေများ၊ ယခုကဲ့သို့ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် အချိန်ပေး၍ လက်ခံဖြေကြားဆွေးနွေးပေးသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား အထူးပင်ကျေးဇူးတင်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာမေးမြန်းဆွေးနွေးကြသည်။

သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက အသီးသီးပြန်လည် ဆွေးနွေးပြောကြား

ထိုကဲ့သို့ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ မေးမြန်းဆွေးနွေးမှုများနှင့်ပတ်သက်၍ ခရီးစဉ်တွင်လိုက်ပါလာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံ၌ EV ကားများအား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်လျက်ရှိမှု၊ EV ကားများ၏ သွင်းကုန်လိုင်စင်နှင့် ပတ်သက်၍လည်း အခွန်ကင်းလွတ်ခွင့်ပေးထားမှု၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိမှု၊ စွမ်းအင်နှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်စွမ်းအားနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြောကြား

ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံတွင် လက်ရှိအချိန်၌ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် EV ကားများကို လက်ရှိအချိန်တွင် တင်သွင်းခွင့်ပေးထားပြီး SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချခွင့်ပြုထားကြောင်း၊ နောင်အနာဂတ်တွင် ယခုထက်ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခွန်အခများ လျှော့ချနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ သီလဝါစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထုတ်လုပ်ခြင်းနှင့် မြန်မာလုပ်ငန်းရှင်များနှင့် ပူးပေါင်းထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ ပြန်လည်တင်ပို့ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လောင်စာဆီသုံးစွဲသည့် မော်တော်ယာဉ်များ လျှော့ချပြီး လျှပ်စစ်ကားများ အသုံးပြုမှုတိုးမြှင့်နိုင်ရေးသည် မိမိ၏ရည်မှန်းချက်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ EV ကား ထုတ်လုပ်သူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

သတ္တုတူးဖော်မှု အဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် သဘာဝသယံဇာတပစ္စည်းများအား ကုန်ကြမ်းအဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းကို ခွင့်မပြုထားသော်လည်း ကုန်ချောအဖြစ်ထုတ်လုပ်၍ တင်ပို့ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ သယံဇာတများ ထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံတွင် သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လိုပါက မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးသွားရန် ဖိတ်ခေါ်ပါကြောင်း။

စွမ်းအင်ကဏ္ဍနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းများအတွက်လည်း လာရောက်ဆွေးနွေးနိုင်ကြောင်း၊ မိမိအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး Waste To Energy ကိုလည်း ဒုတိယဦးစားပေးအနေဖြင့် စိတ်ဝင်စားကြောင်း၊ သို့သော်ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်၊ ပဲ၊ ပြောင်း စသည့်သီးနှံများကို အဓိကထားတင်ပို့လျက်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ - တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲအခမ်းအနား၌ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆွေးနွေးသွားကြသည်ကို တွေ့ရကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းကောင်းနိုင်ငံ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ကုန်သွယ်မှုများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များကို အဓိကထားထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင် သည့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကဲ့သို့ ဆန်အမျိုးအစားများလည်းရှိကြောင်း။

ယနေ့ တွေ့ဆုံဆွေးနွေးမှုများသည် အောင်မြင်သည့် တွေ့ဆုံဆွေးနွေးမှုပင်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ချိန်၌လည်း အောင်မြင်မှုရှိသည့် တွေ့ဆုံဆွေးနွေးမှုများရရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်နိုင်ငံအတွက် လိုအပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံမှတင်ပို့၍ရနိုင်ကြောင်း၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှာ ကာလရှည်ကြာလျက်ရှိပြီဖြစ်ပြီး လက်ရှိအချိန်တွင် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေခြင်းဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် စိတ်ပါဝင်စားပါက မြန်မာနိုင်ငံသို့ လာရောက်၍ ဆွေးနွေးဆောင်ရွက်နိုင်ကြောင်း၊ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းမှုများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်ခုဖြစ်ပြီး မိမိရောက်ရှိသည့်အချိန်အတိုင်း တိုးတက်ပြောင်းလဲမှုများရှိ သည်ကိုမြင်တွေ့ရကြောင်း၊ မိမိတို့အနေဖြင့်လည်း မြန်မာနိုင်ငံအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ အစွမ်းကုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအဆွေတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကို လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဖိတ်ခေါ်ပါကြောင်း တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် လက်ဖက်သုပ်သုပ်နည်းအား တာဝန်ရှိသူများက သရုပ်ပြသကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့အကြား သတင်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စားလုပ်ငန်းများအသင်း (CASME) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာ - အိန္ဒိယ - တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA) နှင့် တရုတ်နိုင်ငံအသေးစားနှင့် အလတ်စားလုပ်ငန်းများအသင်း (CASME) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ရွှေသံလွင်ဟိုးလ်းဒင်းကုမ္ပဏီလီမိတက်နှင့် China Harbor Engineering Co.,Ltd. (CHEC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Royal Green Ocean Co., Ltd. နှင့် Jiangxi Longzheng Technology Development Co., Ltd. တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Yunnan Baoshan Hengyi Industrial Group Co., Ltd. (HYIG) နှင့် Transland Public Co., Ltd. (TPC) တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Platypus Public Co., Ltd. နှင့် China Enerever Solutions (Shanghai) Co., Ltd. တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့အား ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက အသီးသီးလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်