Skip to main content

လွိုင်ကော်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

လွိုင်ကော် ဩဂုတ်၂၅

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့ တက်ရောက်ပြီး ပြခန်းများနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကာ စုပေါင်းခန်းမ၌ လိုအပ်သည်များ မှာကြားသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ပွဲတော်မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဘင်ခရာ၊ ပန်းဖွားနှင့် အကအဖွဲ့တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့၊ အနုပညာရှင်များက ကျောင်းအတွင်း ဆောင်ရွက်ထားရှိသည့် စာကြည့်တိုက်နှင့် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးကြသည်။

ယင်းနောက် အစီအစဉ်ဒုတိယပိုင်းကို စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပရာ အ.ထ.က (၁) မှ ကျောင်းသား ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆီုကပြဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ပိုမိုတည်ငြိမ်အေးချမ်းလာမှုနှင့်အတူ မူလအနေအထားသို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်နေမှုများကို တွေ့မြင်ရသဖြင့် ကြည်နူးဝမ်းမြောက်ရပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် စာပေဖတ်ရှုလေ့လာမှုတွင် ဝါသနာပါပြီး အများပြည်သူကိုလည်း စာပေဖတ်ရှုအောင် တိုက်တွန်းမှာကြားမှုနှင့်အတူ စာကောင်းပေမွန်များလည်း မတည်ထုတ်ဝေ၍ ဖြန့်ဝေလှူဒါန်းလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် စာပေဖတ်ရှုလေ့လာမှုအပြင် မှတ်သားဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာလှပသည့် အနာဂတ်ကာလအတွက် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခက်အခဲများကြားမှ အောင်မြင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပြည်သူများအတွက် စိတ်ခွန်အားမြှင့်တင်ပေးရန် စီစဉ်ရောက်ရှိလာသော ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အနုပညာရှင်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ်အစိုးရအဖွဲ့အတွက် MRTV DTH စလောင်းစက်အစုံ ၃၀ နှင့် MRTV ,T-2 Set Top Box ၈၀ အား ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ တပ်နယ်အတွက် MRTV DTH စလောင်းစက်အစုံ ၂၀ နှင့် MRTV,T-2 Set Top Box ၄၀ အား ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ထံသို့လည်းကောင်း ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့နောက် အနုပညာရှင်များက အ.ထ.က (၁) မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်း၍ “ရောင်ပေစူး” တေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၁) မှ ကျောင်းသား ကျောင်းသူများက “ထာဝရသစ္စာ” တေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က ခွဲ (လောဓမ္မ) မှ ကျောင်းသား ကျောင်းသူများက “လှမ်းလာခဲ့ပါကယားမြေ” တေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၁) နှင့် (၂) တို့မှ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ “ဇာတိမာန်” တေးသီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိပြီး ပင်မဆောင်နှင့် စာကြည့်တိုက်၊ စာသင်ဆောင်များနှင့် ဘွဲ့နှင်းသဘင်ခန်းမဆောင်များ ပြန်လည်ပြုပြင်မွမ်းမံဆောက်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ပင်မဆောင်အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက တက္ကသိုလ်၏ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံဆောက်လုပ်မှုအခြေအနေ၊ တက္ကသိုလ်၌ ဆရာ ဆရာမများ ပြန်လည်တာဝန်ထမ်းဆောင်နိုင်မှု၊ ကျောင်းသား ကျောင်းသူများ တက်ရောက်နိုင်မှုနှင့် အဝေးသင် ကျောင်းသား ကျောင်းသူများ ဆက်သွယ်သင်ယူနိုင်မှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ညပိုင်းတွင် လွိုင်ကော်မြို့၌ ရောက်ရှိနေသော အနုပညာရှင်များ ဖြစ်ကြသည့် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ အုန်းသီး၊ ငြိမ်းချမ်း၊ ယဉ်လတ်၊ သဉ္ဇာမြင့်မိုရ်၊ နေခြည်ငြိမ်းချမ်းနှင့် အနုပညာရှင်များက ဒေသခံတိုင်းရင်းသားများ၏ အကအလှနှင့် သီဆိုဖျော်ဖြေမှုများနှင့်အတူ အငြိမ့်ကပြမှုအပါအဝင် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက တစ်ခဲနက်ပျော်ရွှင်စွာ သီဆိုကခုန်အားပေးကြသည်။

လွိုင်ကော်မြို့၌ ၂၀၂၃ ခုနှစ်ကုန်ပိုင်းခန့်က နယ်မြေလုံခြုံရေးအခြေအနေအရ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုရပ်ဆိုင်းခဲ့ရာမှ ၂၀၂၄ ခုနှစ် မေလမှစ၍ အဘက်ဘက်မှ စီစဉ်ဆောင်ရွက်နိုင်မှုကြောင့် ဓာတ်အားလိုင်းများ တိုးမြှင့်ဖြန့်ဝေပေးနိုင်ခဲ့ရာ ယခုအခါ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက် ၂၀ နှင့် ဆက်စပ်ကျေးရွာ ၂၃ ရွာတို့တွင် ၂၄ နာရီပတ်လုံး မီးအပြည့်အဝရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြီး မဟာဓာတ်အားလိုင်းသို့ ထည့်သွင်းပေးပို့နိုင်ရန် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်