နေပြည်တော် ဩဂုတ် ၂၅
ပထမအကြိမ် Career Fair & Career Forum 2025 ကို ယနေ့ နံနက် ၉ နာရီတွင် Naypyitaw State Academy ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများ၊ ခေတ္တပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက Career Forum 2025 ကျင်းပရခြင်းသည် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်၊ လုပ်ငန်းခွင်ဝင်ရောက်မည့် နည်းလမ်းများ၊ လုပ်ငန်းခွင်ဝင်သည့်အခါ လိုအပ်သည့် ကျွမ်းကျင်မှုများကို လေ့လာသိရှိနိုင်ရန်၊ လုပ်ငန်းအဖွဲ့အစည်းများနှင့် ကျောင်းသား ကျောင်းသူများအကြား ချိတ်ဆက်မှုကို မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း၊ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်သင်ယူလေ့လာနိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်တိုးတက်စေရန်နှင့် ကျောင်းသားလူငယ်များ လုပ်ငန်းခွင်ဝန်းကျင်နှင့် ကွန်ရက်ချိတ်ဆက်နိုင်ရန် အဓိကကျသည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ယခုဖိုရမ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် အကျိုးကျေးဇူးရရှိမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များအတွက်လည်း ကျောင်းသား ကျောင်းသူများ၏ အရည်အချင်းများကိုသိရှိပြီး မိမိလုပ်ငန်းခွင်တွင် လိုအပ်သည့် ဝန်ထမ်းများကို ကြိုတင်လေ့လာချိတ်ဆက်ခွင့်၊ ရွေးချယ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ခေတ္တပါမောက္ခချုပ်တို့က Career Fair & Career Forum တွင် ပါဝင်ကူညီခဲ့ကြသော ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ Career Fair ပြခန်းများကို ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် Blue Ocean Investment Co., Ltd. မှ Chairman က “Shaping the Future Opportunities” ခေါင်းစဉ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဟောပြောဆွေးနွေး၍ “From Campus to Career” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပပြီး ဖိုရမ်တွင် ဟောပြောဆွေးနွေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ပထမအကြိမ် Career Fair & Career Forum 2025 တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ကုန်သွယ်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ လက်တွေ့ခန်းသုံးနှင့် သိပ္ပံပစ္စည်း၊ သင်ထောက်ကူပစ္စည်းဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ စသဖြင့် ပြခန်းပေါင်း ၂၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်