နေပြည်တော် ဩဂုတ် ၂၄
TNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်၏ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုပ်ယူ ထိုးစစ်ဆင်မှုများကို ဆက်လက်ခုခံနိုင်ခြင်းမရှိဘဲ ကစဉ့်ကလျားဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးစဉ် စစ်ရေးနှင့် မသက်ဆိုင်သည့် မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်အသားတစ်ခုဖြစ်သည့် ဂုတ်ထိပ်တံတားအား အသိတရားကင်းမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။
ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားသည် တံတားအရှည် ပေ (၂၂၆၀)၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိပြီး သက်တမ်းအနေဖြင့် နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် မီးရထားလမ်းတံတားတစ်ခုဖြစ်သည်။ မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဟု မှတ်ကျောက်တင်ခံရပြီး ယင်းတံတားကို တည်ဆောက်သည့် နည်းပညာအဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက်ထင်ရှားကျော်ကြားခဲ့သော တံတားတစ်စင်းဖြစ်သဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများလည်း အများအပြားလာရောက်ကြည့်ရှုလေ့လာသည့် တံတားတစ်စင်းလည်းဖြစ်သည်။
အဆိုပါမြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားတစ်ခုဖြစ်သည့် ဂုတ်ထိပ်တံတားအား ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများက လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင်လည်း ပါဝင်ခဲ့သည်။
တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နောင်ချိုမြို့အား ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့်အတူ နယ်မြေသတင်းများ ထောက်လှမ်းရယူကာ တန်ပြန်တိုက်စစ်များဖြင့် အဆင့်ဆင့်တိုက်ခိုက်ခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် နောင်ချိုမြို့တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင်အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။
အကြမ်းဖက် သောင်းကျန်းသူများသည် ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုမရရှိခြင်း၊ တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်များအား ဆက်လက်ခုခံနိုင်မှုမရှိခြင်းတို့ကြောင့် ထိခိုက်ကျဆုံးများစွာဖြင့် ကျောက်မဲမြို့နယ်ဘက်သို့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး နောင်ချိုမြို့နယ်၊ နောင်ချို-ကျောက်မဲ ကားလမ်းဂုတ်တွင်းအတက်လမ်းတွင်လည်း ကောင်း၊ ဂုတ်ထိပ်တံတား ကျောက်မဲမြို့ဘက်အခြမ်းတွင်လည်းကောင်း၊ ဂုတ်ထိပ်တံတားနှင့် ကျောက်မဲမြို့ကြားရှိ နောင်ပိန်ရွာတွင်လည်းကောင်း ယာယီအခြေပြု၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများကို စစ်နည်းဗျူဟာမြောက် ခက်ခဲကြမ်းတမ်းပင်ပန်းစွာဖြင့် ရန်သူထင်မှတ်မထားသည့် လမ်းကြောင်းများမှ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ဩဂုတ်လ ၂၃ ရက်နေ့တွင် နောင်ပိန်ရွာကို အပြီးတိုင်ပြန်လည်ထိန်းချုပ်ရချိန်၌ သောင်းကျန်းသူများအနေဖြင့် ကျေးရွာရှိ လူနေအိမ်များအား ယုတ်မာရက်စက်စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့ကာ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုသို့ TNLA လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ဆုတ်ခွာထွက်ပြေးစဉ် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်ဂုတ်ထိပ်တံတားအား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ ဘက်အခြမ်းတံတားတိုင်အမှတ် (P-16) နှင့် ကမ်းကပ်ခုံ (AB - 2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB - 2) တို့ ပျက်စီးခဲ့ရသည်။
ယင်းကဲ့သို့ TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာအား အသိဉာဏ်နည်းပါးယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် လုပ်ရပ်အား ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူများအမြစ်ပြတ်ချေမှုန်းရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်