Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရေနံချောင်းစက်မှုဇုန် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရေနံချောင်းစက်မှုဇုန်သို့ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာစက်မှုဇုန်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ရေနံချောင်းတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဓာတုဗေဒဌာန ပါမောက္ခ/ဌာနမှူး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ၍ ဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပြီးဖြစ်၍ ဥပဒေအရ စက်မှုဇုန်အဆင့်အတန်းသတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် အပြန်အလှန်စစ်ဆေးပြီးဖြစ်ကြောင်း။

ထို့ပြင် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်လည်ပတ်နိုင်မည်ဖြစ်၍ ထုတ်ကုန်ပစ္စည်းများအား အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာ၍ ထုပ်ပိုးမှုစနစ်ကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ဝင်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် စက်မှုလုပ်ငန်းများသည် ဒေသတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက စက်မှုဇုန်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စက်မှုဇုန်နှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက စက်မှုဇုန်အားပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အခြေအနေ၊ မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှူးက ရေနံချောင်းစက်မှုဇုန်ဆိုင်ရာ အချက်အလက်များ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးတို့က ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ရေနံချောင်း) ကျောင်းအုပ်ကြီးက စက်မှုလုပ်ငန်းများနှင့် ကျောင်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ တာဝန်ရှိသူများက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်မှု၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးမည့်အခြေအနေ၊ စက်မှုဇုန်အတွက် လိုအပ်သောကုန်ကြမ်းရရှိရေး၊ နည်းပညာရရှိရေးအတွက် အသိပညာမျှဝေဆွေးနွေးပွဲများ ပြုလုပ်ပေးမည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် စက်မှုလုပ်ငန်းရှင်များက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် တွေ့ကြုံရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်မှုဇုန်အတွင်းရှိ Alpha Vina ကွန်ကရစ်တိုင်များထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကိုလည်းကောင်း၊ ဝင်း-သမစိတ္တ ဆီစက်တွင် စားသုံးဆီများ ကြိတ်ခွဲထုတ်လုပ်နေမှုအခြေအနေကိုလည်းကောင်း ၊ King Golden Dragon Co., Ltd. ၏ STAR မော်တော်ဆိုင်ကယ်များအား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့် တို့ကိုလည်းကောင်း လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်