ရန်ကုန် ဩဂုတ် ၂၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ ကမ်းနားလမ်းနှင့် လသာလမ်းထောင့်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အဆောက်အအုံဖွံဖြိုးရေးဘဏ်အဆောက် အကြီးစားပြင်ဆင်နေသည့်နေရာသို့ ရောက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူတို့က ရုံးအဆောက်အအုံပြင်ဆင်နေမှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံအား မူလပုံစံမပျက်ဆောက်လုပ်ရန်၊ စံချိန်စံညွှန်းနှင့်အညီ ခိုင်ခံ့မှုရှိစေရေး ပြုပြင်တည်ဆောက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(ရုံးချုပ်)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(ရုံးချုပ်)၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ ကြီးကြပ်ရေးငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်ရုံးတို့၌ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံစဉ် အကောင်းဆုံးပြည်သူ့ဘဏ္ဍာရေးဝန်ဆောင်မှုများပေးရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာဥပဒေများနှင့် ကိုက်ညီရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေး၊ စာရင်းအချက်အလက်များ မှန်ကန်ကိုက်ညီစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဆောင်ရွက်ရေး၊ ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများအတိုင်း ကိုက်ညီစေရေး၊ ပြည်သူလူထုကအားထားရသောဌာန၊ အဖွဲ့အစည်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်