Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးချစ်ဆွေ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၂

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်ကြသော မင်းထက်မင်းဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မင်းထက်မင်းဆိပ်ကမ်းသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အကောက်ခွန်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့ တင်သွင်းမှုများ၊ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ မင်းထက်မင်းဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ခေတ်မီသိုလှောင်မှုစနစ် (SILO) တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ကုန်သေတ္တာများအား ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဇေယျာသီဟခန်းမ၌ အကောက်ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့် သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ လိုက်နာသွား ရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းကြရန် ပြောကြားသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေး ခန်းမ၌ ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပြီး နိုင်ငံတော်က ချမှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိ၏အလုပ်အပေါ် အဂတိတရားကင်းကင်းဖြင့် မေတ္တာထားဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီး Dry Port သို့ ရောက်ရှိကြပြီး KM နှင့် RG ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ အကောက်ခွန်ကုန်လှောင်ရုံ (Bonded Warehouse) ၌ လျှပ်စစ်မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းသိုလှောင်ထားရှိမှုများနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်