နေပြည်တော် ဩဂုတ် ၂၂
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး လမ်း၊ တံတားများ ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လူနေထိုင်ရာရပ်ကွက် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် ခြင်းများကို လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်သားယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့တွင် မုံရွာမြို့မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးသန်းဌေးလင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ဦးမြတ်စိုးသူနှင့် ခရီးသွားပြည်သူ အမျိုးသား နှစ်ဦး၊ အမျိုး သမီး နှစ်ဦး စုစုပေါင်းခြောက်ဦး စီးနင်းလိုက်ပါသည့် ရွှေမြန်မာယာဉ်လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ်သည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြားသို့အရောက်၌ PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးသန်းဌေးလင်းတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရပြီး ခရီးသွားပြည်သူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိလျက်ရှိကြောင်း တွေ့ရှိရသဖြင့် အဆိုပါဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်