Skip to main content

အလုပ်ရှင်များအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့အတွက် လုပ်ဆောင်

ရန်ကုန် ဩဂုတ် ၂၂

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်၍ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက်ဆေးကုသနေသော အာမခံအလုပ်သမားများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန် (၁) ရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ (ကနောင်ခန်းမ)၌ စက်မှုဇုန်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်သမားဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိနားလည်၍ လိုက်နာဆောင်ရွက်ကြရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားများအား အသိပညာပေးဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်များအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့်ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့အတွက် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အလုပ်သမားညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများနှင့် တိုင်းရင်းဆေးကုခန်း၊ လူမှုဖူလုံရေး - ကဲဝဲလ်ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Golden Emperor (Myanmar) Co., Ltd. ဖိနပ်ချုပ်စက်ရုံ(ဝဲပုံ)နှင့် Sheng Jie (Myanmar) Co., Ltd. အထည်ချုပ်စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ စက်ရုံများတွင် ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအား အလုပ်သမားရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်