Skip to main content

ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများ ကျွမ်းကျင်မှ စက်ရုံလုပ်ငန်းများ ဖြောင့်ဖြောင့်ဖြူးဖြူး လည်ပတ်နိုင်မည်ဖြစ်ကာ ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်

နေပြည်တော် ဩဂုတ် ၂၂

ဘွိုင်လာကျွမ်းကျင်သူများ တိုးပွားလာသည်နှင့်အမျှ ဘွိုင်လာသုံးစက်မှုလုပ်ငန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဘွိုင်လာများကို စွမ်းရည်ပြည့်သုံးစွဲနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း အမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရှိ ဘွိုင်လာသင်တန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင်၊ ဘွိုင်လာနှင့်သက်ဆိုင်သည့် ကျွမ်းကျင်ပညာရှင်များ၊ ဘွိုင်လာစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး (အငြိမ်းစား) များနှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိထိရောက်ရောက်အသုံးချ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်သို့ အသီးသီးပြန်လည်ဝင်ရောက်သည့်အခါ မမေ့သောသတိ၊ မလျှော့သောဇွဲတို့ဖြင့် စနစ်တကျဖြင့် လက်တွေ့ကျကျအသုံးချကြရန်၊ ကြိုးစားအားထုတ်ကြရန် အထူးမှာကြားလိုကြောင်း၊ ဘွိုင်လာ ကိုင်တွယ်ထိန်းသိမ်းသူများ ကျွမ်းကျင်ပြီး သတိရှိရှိ ကြိုးစားလုပ်ဆောင်မှသာ ဘေးအန္တရာယ်ကင်းပြီး ဘွိုင်လာကောင်းမည်၊ ဘွိုင်လာကောင်းမှ စက်ရုံလုပ်ငန်းများ ဖြောင့်ဖြောင့်ဖြူးဖြူး လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် စက်မှုကဏ္ဍ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေသည့် ယခုဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူ သင်တန်းသားများသည် ပညာရပ်များကို ထိထိရောက်ရောက်အသုံးချပြီး အလုပ်တာဝန်များကို ပိုမိုကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူ သုံးဦးကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသားခေါင်းဆောင်အား ပေးအပ်သည်။

လေ့ကျင့်သင်ကြားပေးခဲ့

စက်မှုဝန်ကြီးဌာနအနေဖြင့် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်းကို ၁၉၇၇ ခုနှစ်မှစပြီး ယနေ့အထိ စုစုပေါင်းအကြိမ် ၇၀ ဖွင့်လှစ်၍ သင်တန်းသား စုစုပေါင်း ၄၅၄၄ ဦးတို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်