နေပြည်တော် ဩဂုတ် ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် တက္ကသိုလ်များရှိ ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၅၇ ဦးရှိပြီး အောင်မြင်သူ ၁၀၂ ဦးရှိသည့်အတွက် ၆၅ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူနှစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူငါးဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ ၁၅ ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူရှစ်ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ ၁၀ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၄၀၊ ရိုးရိုးအောင်မြင်သူ ၆၂ ဦး ဖြစ်ကြောင်း၊ ဂုဏ်ထူး(၁)ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၃၂ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ယနေ့အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးခြင်းသည် ဘဝအတွက် ပညာရေးအချိုးအကွေ့တစ်ခုသာဖြစ်ပြီး တက္ကသိုလ်ပညာ၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာများကို မိမိတို့ရရှိသည့် အမှတ်၊ မိမိတို့ဝါသနာပါရာကို စိစစ်ရွေးချယ်ပြီး ဆက်လက်ပညာသင်ယူ ဆည်းပူးကြရမည်ဖြစ်ကြောင်း၊ ဆုရရှိသည့် သားသမီးများအနေဖြင့်လည်း အနာဂတ်တွင်နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော ပညာတတ်လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲကို ရိုးရိုးအောင်မြင်သူများနှင့် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်