ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ကာကွယ်ကုသနိုင်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအဖို့ကြီးမားသည့် စိန်ခေါ်မှုဟု ဆိုရပါမည်။ ရောဂါပိုးကူးစက်ခံရသော လူနာ၊ ပိုးကူးစက်ခံရသူနှင့် တိုက်ရိုက်ထိတွေ့ထားသူ၊ ရောဂါပိုးရှိနိုင်သော သံသယလူနာ စသည့်အရေအတွက်နှင့် ထိုအရေအတွက်ကို ထားရှိ နိုင်မည့် ဆေးရုံများ၊ သီးခြားခွဲထားသည့် ကန့်သတ်ဌာနများ အရေ အတွက်က လုံလုံလောက်လောက် မျှမျှတတမဖြစ်သောကြောင့် နေရာ ဌာနကျပ်တည်းသည့်ပြဿနာက ယနေ့ရင်ဆိုင် နေရသော အကြီးဆုံး ပြဿနာတစ်ခု ဖြစ်နေသည်။
ဤသည်က ပြဿနာများစွာထဲက တစ်ခုမျှသာဟု ဆိုရပါမည်။ နေရာအကျပ်အတည်းပြဿနာက ရောဂါပိုးထိန်းချုပ်မှုတွင် ကြီးစွာသော အခက်အခဲဟုဆိုရသော်လည်း ရောဂါပိုး ကူးစက်ခံရပြီးသူများကို ကျွေးမွေးရသည်ကအစ အခြေအနေအရ လိုအပ်သော အောက်ဆီဂျင် ပေးရသည်များ၊ ဆပ်ပြာရည်၊ လက်သန့်ဆေးရည်နှင့် ပိုးသတ်ဆေးရည်များ၊ ပီပီအီးဟုခေါ်သည့် အကာအကွယ်ဝတ်စုံများ စသည့်လို အပ်ချက် များကို ဖြည့်ဆည်းပေးရသည်များကလည်း မလွယ်ကူလှသော လိုအပ် ချက်များဖြစ်ပါသည်။ ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုသည် ၂ဝ၂ဝ ပြည့်နှစ် မြန်မာနိုင်ငံအတွက် အကြီးမားဆုံးပြဿနာအဖြစ် မှတ်တမ်း တင်ရမည် ဖြစ်ပါသည်။ သို့သော်၊ အခြားသော ရင်ဆိုင်ရမည့်အရေးတစ်ခုရှိနေသည်။ ကိုဗစ်ရောဂါပိုးပြန့်ပွားမှုနှင့် တန်းတူညီမျှဆိုသလို အရေးကြီးသော ရင်ဆိုင်ရမည့်အရေးမှာ ရွေးကောက်ပွဲဖြစ် ပါသည်။ ယခုအခါ နောက်ထပ် ရက်သတ္တနှစ်ပတ်သာ လိုတော့သော အထွေထွေ ရွေးကောက်ပွဲက အသင့်စောင့်နေပြီ ဖြစ်၏။ ပြည်သူလူထုဘက်က လည်း ဒီမိုကရေစီအရေးအတွက် အရေးကြီးသော အဆင့် တစ်ဆင့် အဖြစ် သဘောထားကာ နိုဝင်ဘာရွေးကောက်ပွဲတွင် မဲထည့်ကြရန် အသင့်ပြင်နေကြပြီဖြစ်၏။
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု စည်းကမ်းများနှင့်အညီ ရွေးကောက်ပွဲကို မည်သို့မည်ပုံ စနစ်တကျ ကျင်းပမလဲဆိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မတီက စီမံဆောင်ရွက်နေပြီ ဖြစ်၏။
ဤအစီအမံ အပြင်အဆင်သည် မြန်မာနိုင်ငံတွင်း လက်ငင်းရင်ဆိုင် နေရသော ကိုဗစ်ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးနှင့် အထွေထွေ ရွေးကောက်ပွဲဟူသည့် လုပ်ငန်းရပ်ကြီးနှစ်ခုကို အန္တရာယ်အနည်းပါး ဆုံးဖြစ်အောင် မည်သို့အကောင်အထည်ဖော်ကြမည်ဆိုခြင်းကို ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးက နိုင်ငံသားတို့၏ အသက် ဘေးအန္တရာယ်ကင်းရှင်းရေးကို အရေး အကြီးဆုံး ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်နေရခြင်း ဖြစ်ပါသည်။ ထိုဆောင်ရွက်မှုတွင်လည်း အထက်တွင်ဖော်ပြခဲ့သလို နေရာထိုင်ခင်းအခက်အခဲမှအစ အစား အသောက်၊ ဆေးဝါး သောက်ရေသုံးရေနှင့် ရေဆိုးမိရွာဖြေရှင်းရေး အမှိုက်စွန့်ပစ်ရေးမှအစ မြောက်မြားလှစွာသော အရေးပေါ်ကိစ္စတို့ကို ရှိသမျှသော စွမ်းအင် ရှိသမျှသော အထောက်အပံ့၊ ရနိုင်သမျှသော လူသူအင်အားတို့ဖြင့် ဖြေရှင်းနေရခြင်းဖြစ်ပါသည်။
ထို့အတူ ရွေးကောက်ပွဲဆိုသည်ကလည်း ယခု မဆောင်ရွက်လျှင် လည်း နောင်အချိန်တစ်ခုခုတွင် မဖြစ်မနေ အကောင်အထည်ဖော်ရမည့် တာဝန်တစ်ခုအနေဖြင့် တည်ရှိနေပါသည်။ ကိုဗစ်ရောဂါ၏ ခြိမ်းခြောက် နေမှုက မည်သည့်အချိန်တွင် ရာနှုန်းပြည့် ပြီးစီးအေးချမ်းမည်ကို ခန့်မှန်းရန်လည်း ခက်ခဲလှပေသည်။
နိုင်ငံတကာတို့၏ နမူနာတို့ကို လေ့လာရင်း၊ ပြည်တွင်း အနေ အထားကို တွက်ဆရင်း၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်တို့၏ ညွှန်ကြား ချက်များကို လိုက်နာရင်း ဆောင်ရွက်ရမည့် အတော်ပင်ခက်ခက်ခဲခဲ အကောင် အထည်ဖော်ရမည့် ရွေးကောက်ပွဲဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ လက်ငင်း မဖြစ်မနေ ရင်ဆိုင်ရမည့်ကိစ္စတို့ကို အကောင်းဆုံးပြင်ဆင်ရင်ဆိုင်ကြရင်း လိုအပ်သမျှသော အကာအကွယ် နှင့် စီမံမှုတို့ကိုလည်း ချမှတ်ပြဋ္ဌာန်းကြရမည်သာ ဖြစ်ပါသည်။ အခက် အခဲများ အကျပ်အတည်းများဆိုသည်က ရှိနေတတ်သည့် လောက သဘာဝပင်ဖြစ်လေရာ၊ ထိုအခက် အခဲများကို ပြည်သူလူထု၏ စနစ် တကျနေထိုင်မှု၊ စနစ်တကျ မဲပေးမှုစသည်တို့ဖြင့် အောင်မြင်အောင် ကျော်လွှားဖြတ်သန်းရမည်သာ။
အုပ်ချုပ်ရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက် စီမံခန့်ခွဲနေသည့် ကျန်းမာရေးဆိုင်ရာပညာရှင်နှင့် တာဝန်ရှိ သူများ၊ လက်တွေ့ရင်ဆိုင် တိုက်ပွဲဝင်နေကြသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ ဝန်ထမ်း၊ ပရဟိတအင်အားစုများ အစရှိသည့် ပြည်သူ့ သူရဲကောင်းများနှင့် စည်းကမ်းလိုက်နာ သေဝပ်သော ပြည်သူလူထု အင်အားတို့က ကိုဗစ်ရောဂါကူးစက် ပြန့်ပွားနေမှုကို ထိန်းချုပ်နိုင်ရေး နှင့်အတူ လွတ်လပ် တရားမျှတသော အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အထောက်အပံ့ ဖြစ်ပါစေသား။ ။