Skip to main content

ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီက စီစဉ်ကျင်းပသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြန်မာစာအုပ်စင်တာ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန့်သော်ကောင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်း ဆွေးနွေးပွဲမှ ဗဟုသုတများစွာရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ နောက်ထပ်ပြုလုပ်မည့် အသိပညာပေး ဆွေးနွေးပွဲများသည်လည်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်မီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စာပေ တိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဟု ထင်မြင်ပါကြောင်း။

မိမိအတွေ့အကြုံအပေါ်အခြေခံ၍ အနည်းငယ်ဆွေးနွေးလိုပါကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာ ပေါ်လာသည့်အတွက် ယခင်က တည်ရှိခဲ့သည့် ပုံနှိပ်မီဒီယာ၊ အစဉ်အလာမီဒီယာ သည် များစွာ ထိခိုက်သည်ဟု ပြောဆိုမှုများရှိပါကြောင်း၊ အထူးသဖြင့် သတင်းမီဒီယာတွင် များစွာ ထိခိုက်ပါ ကြောင်း၊ သို့သော် ဒစ်ဂျစ်တယ်မီဒီယာပေါ်ထွန်းလာသည့်အတွက် စာပေဖက်တွင် ထိုကဲ့သို့ ထိခိုက်မှု၊ သက်ရောက်မှုရှိသည်ဟု မိမိအနေဖြင့် မထင်မြင်ပါကြောင်း။ 

စာပေသမားအတွက် အီလက်ထရောနစ်မီဒီယာပေါ်ပေါက်လာသောကြောင့် စာပေကို ပိုမို စိတ်ဝင်စားစရာ အခွင့်အလမ်း၊ စာဖတ်နိုင်သည့် အခွင့်အလမ်း များပြားလာမည် ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုသည့် အလေ့အထသည် ကျဆင်းသွားမည် မဟုတ်သည့်အပြင် စာအုပ်အပေါ်တွင် တန် ဖိုးထားမှုသည် ကျဆင်းသွားမည် မဟုတ်ပါကြောင်း၊ စာအုပ်စာပေသည် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် ဆက်လက် ထွန်းကား နေမည်ဖြစ်ပါကြောင်း။

စာပေဖန်တီးသူများကလည်း ပြောင်းလဲသွားသည့်နည်းပညာနှင့်အညီ အွန်လိုင်းပေါ်မှ မဂ္ဂဇင်းကို မည်သို့ထုတ်လုပ်မည်၊ ဂျာနယ်ကို မည်သို့ ထုတ်လုပ်မည်၊ အွန်လိုင်းပေါ်တွင် စာရေးလျှင် မည်သို့ ရေးသားပါက ပိုမိုဆွဲဆောင်မှုရှိမည် စသဖြင့် လေ့လာသင့် ပါကြောင်း။   

ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ တစ်ဖက်မှလည်း စာအုပ်လုပ်ငန်း လောက ကို ဝင်ရောက်လာမည့်သူများအတွက် အကျိုးရှိစေမည့် အသိပညာဖလှယ်ပေးသည့် အစီအစဉ်၊ အသိပညာဝေမျှပေးသည့်အစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ မြန်မာစာအုပ် လောကသည် နည်းပညာပြောင်းလဲလာသည်နှင့် အတူတွဲ၍ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း   ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုကဲ့သို့ Webinar များကို နှစ်ပတ်တစ်ကြိမ်၊ သုံးပတ်တစ်ကြိမ် ကျင်းပရန် ရည်ရွယ်ထားပြီး တတိယမြောက်   Webinar  ကို ရုပ်ရှင်နှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်နေသူများကို တစ်စုတစ်စည်းတည်း ဖြစ်အောင် မြန်မာနိုင်ငံဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)က သုတ၊ ရသစာပေနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောရာတွင် မိမိအနေဖြင့် ပရိသတ်များကို စာဖတ်ကြရအောင်ဟု အဖော်ညှိ လိုပါကြောင်း၊ သုတစာအုပ်ပဲဖြစ်ဖြစ်၊ ရသစာအုပ်ပဲဖြစ်ဖြစ် သုတနှင့်ရသ ရောထားသည့် စာအုပ်ပဲဖြစ်ဖြစ် မည်သည့်စာအုပ်ကိုမဆို ဖတ်ရန် တိုက်တွန်းလိုပါကြောင်း၊ သုတပဲဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ် အားလုံးသည် ဦးနှောက်ကို မြစ်ဖျားခံပါကြောင်း။

ယနေ့တွင် မိမိအနေဖြင့် သုတနှင့်ရသ ထုံမွှမ်းထားသည့် စာအုပ်တစ်အုပ်အကြောင်းကို သတင်းပေးလိုပါကြောင်း၊ စာပေပုံသဏ္ဍာန်သစ်ဖြင့် ရေးထားသည့် စာအုပ်ဖြစ်ပါကြောင်း၊ ကမ္ဘာ မြေတစ်ခွင်လုံး ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကိစ္စဖြစ်သည့်အတွက် မိမိအနေဖြင့် ပိုမိုစိတ်ဝင် စားကာ ပြန်လည်မျှဝေလိုခြင်းဖြစ်ပါကြောင်း၊ ထိုစာအုပ်မှာ နွေဦးမှတ်တမ်း ၂၀၂၀ ဖြစ်ပါ ကြောင်း၊ စာရေးသူမှာ နှင်းမာယာ ဖြစ်ပါကြောင်း၊ ထိုစာအုပ်လေးသည် သုတရော၊ ရသရော စုံသည့်အတွက်  ဖတ်ကြည့်စေလိုပါကြောင်း။

ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် စဉ်းစားတတ်သည့်အလေ့အထကို ရသနှင့်သုတ စာပေများက ပေးပါကြောင်း၊ စိတ်ခံစားချက်ကို လွှတ်မပေးဘဲ ကျိုးကြောင်းဆင်ခြင်တုံတရားဖြင့် စဉ်းစား နိုင်အောင်၊ ဆုံးဖြတ်နိုင်အောင်၊ ဝေဖန်အကဲဖြတ်နိုင်အောင်  ဦးနှောက်ကို အလေ့အကျင့် လုပ်ပေးသည်မှာ သုတစာပေဖြစ်ပါကြောင်း၊ သုတရော၊ ရသပါ နှစ်ခုစလုံးကို သဟဇာတ ညီအောင် စာဖတ်ကြရအောင်ဟု  ပြောကြားသည်။

ယင်းနောက် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ စကားဝိုင်းကို ပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်း ဖြစ်မြောက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကိုကို (ကိုကို - စက်မှုတက္ကသိုလ်) က ဆောင်ရွက်ပြီး မြန်မာစာအုပ် စင်တာ အမှု ဆောင်အရာရှိချုပ် ဒေါက်တာ သန့်သော်ကောင်း၊ စိတ်ကူးချိုချို စာအုပ်တိုက်မှ ဦးအောင်စည်သာ၊ Chance Myanmar Online Education မှ ဒေါ်ဖြိုးဖြိုးအောင်တို့က ပါဝင်ဆွေးနွေးကြသည်။

စကားဝိုင်းတွင် ဒေါက်တာသန့်သော်ကောင်းက နိုင်ငံတကာစာအုပ်များ တင်သွင်းရောင်းချပေးနေမှု လက်ရှိအခြေအနေများ၊  ကြုံတွေ့နေရသည့် အားသာချက်များနှင့် စိန်ခေါ်မှုများ၊ လက်ရှိ အခြေအနေမှ တိုးတက်အောင် စီမံဆောင်ရွက်သင့်သည့် အချက်များ၊ ဈေးကွက်အလား အလာများ၊ ပညာရေးနှင့် နိုင်ငံတကာ စာအုပ်ဆက်နွယ်မှုများ၊ မူပိုင်ခွင့်ကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးအောင်စည်သာက    နိုင်ငံတကာ စာအုပ်များကို မြန်မာစာချစ်သူများဖတ်ရှုနိုင်ရန် သမားရိုးကျပုံစံမှ ဒစ်ဂျစ်တယ်ပလက်ဖောင်း  အသုံးပြုဆောင်ရွက်နေပုံများ၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းများသို့ အရွေ့က အနာဂတ်တွင် မြန်ဆန်လာနိုင်သည့် ကိစ္စများ၊ စာအုပ် ထုတ်ဝေသူများနှင့် ရောင်းချသူများဘက်မှ ပြင်ဆင်ထားသင့်သည်များကို  လည်းကောင်း၊ ဒေါ်ဖြိုးဖြိုးအောင်က စာဖတ် သူတစ်ဦးအနေဖြင့် နိုင်ငံတကာမှ  စာအုပ်များကို ရွေးချယ်ဝယ်ယူ ဖတ်ရှုနေမှု၊   ပုံနှိပ်စာအုပ်နှင့် အီလက်ထရွန်နစ် စာအုပ်များ၏ ခြားနားချက်များ၊ အားသာချက်၊ အားနည်းချက်များ၊   မြန်မာလူငယ်များ နိုင်ငံတကာစာအုပ်ဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများ၊ ဒစ်ဂျစ်တယ်အရွေ့တွင် မြန်မာစာအုပ်လုပ်ငန်းကို မြင်ချင်သည့်ပုံစံများကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အွန်လိုင်းမှ တက်ရောက်နားထောင်ကြသူများက  မေးခွန်းများကို မေးမြန်းကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒေါ်ဆွေဇင်ထိုက်၊ ဒေါက်တာသန့်သော်ကောင်းနှင့် ဦးအောင်စည်သာတို့က ပြန်လည်ဆွေးနွေး ဖြေကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲကို နိုင်ငံတကာမှ ထုတ်ဝေနေသည့် စာအုပ်များကို ပြည်တွင်း စာဖတ်ပရိသတ်များက မှာယူနိုင်မည့် နည်းလမ်းများ၊ မှာယူရာတွင် သိထားသင့်သည့်အချက်အလက်များ၊ ဒစ်ဂျစ်တယ်စာပေ ဆိုင်ရာ အကျိုးခံစားခွင့်များနှင့် အခြားအခွင့်အလမ်းများ စသည်တို့ကို စာပေချစ်မြတ်နိုးသူများ ပိုမိုသိရှိနား လည်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)